စာလုံးများက ပြောကြသည်
စာလုံးများက ပြောကြသည်
The Architexture of the Characters ဗိသုကာအနုပညာ သတ်မှတ်ချက်ရှိသော ဟန်ပန်တစ်ခုခုဖြင့် ဒီဇိုင်းထုတ်ကာရေးဆွဲပြုလုပ်ထားတဲ့ စာလုံးပုံစံ ကို font လို့ ခေါ်ပါတယ်။ FONT ( or) FOUNT ….. a font is the physical means use to create a typeface, be it computer code, lithographic film, metal or wood cut. TYPOGRAPHY ( Ambrois / Harris )
Font တွေမှာ ကွဲပြားခြားနားတဲ့ အရည်အသွေးတွေရှိပြီး font ပုံစံတွေ ကို အဓိကအားဖြင့် ၄ မျိုးနဲ့ ခွဲခြားလို့ရပါတယ်။အဲဒါတွေကတော့
(1) စာလုံး ၏ ပုံစံ - Typeface
(2) စာလုံး ၏ အရွယ်အစား -Type Size
(3) စာလုံး ၏ ပုံစံ - Type Style
(4) စာလုံး ၏ အစိပ်အကျဲ - Character Spacing
(1) စာလုံး ၏ ပုံစံ - Typeface
Type Face ဆိုတာကတော့ သင်္ကေတ၊ အမှတ်တံဆိပ်၊ စာလုံး ၊ နံပါတ် နဲ့ ပုဒ်ဖြတ် တွေပါဝင်ဖွဲ့စည်းထားတဲ့စာလုံးတစ်လုံး၊ စာကြောင်းတစ်ခု ဒါမှမဟုတ် စာတစ်ပိုဒ် ကိုဆိုလိုခြင်းဖြစ်ပါတယ်။ Typeface ကို Serif (ROMAN), Sans Serif (GOTHIC ) , Decorative လို့ သုံးမျိုး ခွဲခြားနိုင်ပါတယ်။ Serif မှာလဲထပ်ခွဲထား တာတွေ ရှိသလို Serif, Decorative မှာလဲ ထပ်မံ ခွဲတာတွေရှိသေးပါတယ်။ Decorative ကို Script လို့လဲခေါ်ကြပါတယ်။တကယ်တော့ Decorative နဲ့ Script ကလဲ မတူပြန်ပါဘူး။ Decorative(Script ) ကို မြန်မာ အခေါ်ကတော့ လက်ဝဲဖောင့်လို့ ပြောကြတာကိုကြားဖူးပါတယ်။
အခြေခံ TYPEFACE
TYPEFACE ကို ထပ်မံ ခွဲခြားထားခြင်း
Serif လို့ခေါ်တဲ့ - Times News Roman လို စာလုံးတွေမှာ အနားစွန်းတွေပါလေ့ရှိပြီး အဲဒါကို feet ( cross stroke ) လို့ခေါ်ပါတယ်။ Sans of Serif (Sans Serif ) တွေမှာတော့အဲလိုမျဉ်းတွေပါလေ့မရှိပါဘူး။ Decorative ကတော့ လက်ရေးဆက်လို စာတွေကို ပြောတာပါ။
(2) စာလုံး ၏ အရွယ်အစား -Type Size
Type size တော့ စာလုံးရဲ့ အရွယ်အစား ဘယ်လောက်မြင့်သလဲဆိုတာကို ဖေါ်ပြပါတယ်။ Standard unit အနေနဲ့ ကတော့ point ဖြစ်ပါတယ်။ 1440 နှစ် တုန်းက ဂျိုဟန်ဂူတင်ဘတ် ( Johan Gutenberg ) ဆိုတဲ့ ဂျာမန်ပညာရှင်တစ်ဦးက ခဲစာလုံးတွေကို တီထွင်ခဲ့ပြီးနောက်ပိုင်းမှ ခဲစာလုံးတွေမှာ တူညီစွာ ထားသင့်တဲ့ အတိုင်းအတာတစ်ခု လိုအပ်တယ် ဆိုပြီး ဖားမင်းဒီတိုး Firmin Ditot ( 1764-1836 ) က pt လို့ခေါ်တဲ့ ပွိုင့် ( point ) စနစ်ကို တီထွင်ပေးခဲ့ပါတယ်။
*( မှုကွဲလားဘာလားတော့မသိပါဘူး ။ 19 ရာစုလောက်က Pierrre Fournier နဲ့ Francois Ditot တို့က Point System ကို တီထွင်ခဲ့တယ်လို့ လဲ တွေ့ရပါတယ် … အင်တာနက်မှာတော့ မရှာကြည့်ရသေးပါ ) စာလုံးရဲ့ အရွယ်အစားကို x heigh နဲ့လည်း တိုင်းတာကြပါတယ်။
Relative Measurements အနေနဲ့ Em,En နဲ့ Hyphen တို့ကို အသုံးပြုပြီးတိုင်းတာပါတယ်။Em ရဲ့ အတိုင်းအတာဟာ En ရဲ့ နှစ်ဆ Hyphen ( - ) ကတော့ Em ရဲ့ သုံးပုံတစ်ပုံ လို့ပဲ သိပါတယ်။ ( Em,En နဲ့Hyphen စနစ်တွေကို အသေးစိတ်နားမလည်ပါဘူး တက်သိနားလည် သူရှိရင်တော့ ရှင်းပြခဲ့ပေးကြပါ )
1 လက်မ မှာ 72 points ရှိပြီး စာကော်လံ များကို pica နဲ့ လည်းတိုင်းတာပြလေ့ရှိပါတယ်။ ဘယ်နေရာတွေမှာပြလဲဆိုရင် စာလုံးတစ်လုံးချင်းရဲ့ အရွယ်ကို point နဲ့ပြသပြီး စာစီထားတဲ့ စာကော်လံ ကိုတော့ pica နဲ့ ပြသပါတယ်။
72 points = 1 inches , 12 points = 1 pic , 6 pica = 1 inches
ဂျိုဟန်ဂူတင်ဘတ် တီထွင်ခဲ့သော အင်္ဂလိပ် ခဲစာလုံး ပုံစံနှင့် အခေါ်အဝေါ်များ
ပွိုင့် နှင့် အင့် ( inchs ) များကိုဖေါ်ပြထားပုံ
(3) စာလုံး ၏ ဟန် -
Type Style Typeface တစ်ခုမှာ ထူးခြားတဲ့ ဝိသေသ ပြုမှုတစ်ခု အနေနဲ့ effect ထည့်ထားခြင်းကိုတော့ Type style လို့ ခေါ်ပါတယ်။ Bold, Italic, Underline နဲ့ Strikethrough တို့ဟာ Type style တွေဖြစ် ကြပါတယ်။ Normal BOLD ITALIC UNDERLINE Strikethrough
(4) စာလုံး ၏ အစိပ်အကျဲ -
Character Spacing Character Spacing ဆိုတာကတော့ font တစ်လုံး ချင်းစီ ရဲ့ နေရာယူနိုင်မှု ကိုဆိုလိုတာပါ။Character Spacing နှစ်မျိုးရှိပြီး Monospacing Spacing ယူထား တဲ့ အက္ခရာတွေဟာ ( i ပဲဖြစ်ဖြစ် m ပဲဖြစ်ဖြစ် ) နေရာအကျဉ်းအကျယ်ကို အတူတူ ယူကြပါတယ်။ Propotional Spacing ယူထားတဲ့ အက္ခရာတွေ ကတော့ နေရာအကျဉ်းအကျယ်ကို အချိုးအစားအလိုက်ပဲ ယူပါတယ်။
အင်္ဂလိပ် စာလုံးတွေရဲ့ ဖွဲ့စည်းမူ အခေါ်အဝေါ်တွေကိုတော့ အောက်ကဇယားမှာ လေ့လာနိုင်ပါတယ်။
မြန်မာစာ နှင့် မြန်မာ font ဖြစ်ပေါ်လာပုံ
မြန်မာ အက္ခရာ နှင့် မြန်မာစာ အရေးအသားပေါ်ပေါက်ဖြစ်ထွန်းလာပုံ ကို စူးစမ်းလေ့လာကြသော သုတေသီ အားလုံးက မြန်မာ အက္ခရာ များဟာ ခရစ်တော် မပေါ်မှီ BC – 500 မှ AD- 300 ကျော်အထိ India မှာ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ အရေးအသား ကနေမြစ်ဖျားခံခဲ့တာလို့ လက်ခံကြပါတယ်။ အစော ဆုံးမြန်မာစာ အရေးအသားကို ပုဂံခေတ် AD-11-12 ရာစု မှာတွေ့ရပြီးရာဇကုမာ ကျောက်စာ ရေးထိုးခဲ့ချိန်ပင်ဖြစ်ပါတယ်။
ရာဇကုမာ ကျောက်စာ လောက်သိပ်မထင်ရှားတဲ့ ကျန်စစ်သားမင်းရဲ့ မြကန်မွန် ကျောက်စာမှာ ရေကန် အမည် ကို မဟာနိဗ္ဗာန် လက်ဆုယ်ခိရိယ် (လက်ဆုယ်ခိရိယ် စာလုံးပေါင်းမှားနေတာမဟုတ်ပါ မူရင်းကိုက ဒီအတိုင်း ) လို့တွေ့ရတာ အစောဆုံး မြန်မာ အက္ခရာလို့ ပြောပါတယ် ။ ဒီထက် နှစ်ပေါင်း ၅၀ လောက်စော တဲ့ ကျောက်စာတွေမှာ လဲ မြန်မာ အက္ခရာ တွေ ကိုတွေ့ရတဲ့ အတွက် မြန်မာစာဟာ AD -11 ရာစု မှာပေါ်ပေါက်တယ် လို့ အခိုင်အမာပြောနိုင်ပါတယ်။ ပျူစာ ထွန်းကားမှု ၊ မွန်မြို့ပြ နိုင်ငံများ ထွန်းကားခြင်း တို့ဟာလဲ ပုဂံနိုင်ငံ ထွန်းကားမှုနဲ့ စပ်ဆက်နေသလိုပါပဲ။ ပုဂံနိုင်ငံ ထွန်းကား သလို မြန်မာစာ ဟာလဲ မွန်စာနဲ့ အတူ ထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် မွန်စာ ကနေတိုးတက်ဖြစ်ထွန်းလာတာကိုတော့ တချို့ ကလက်မခံကြပါဘူး ။ ဗြာဟ္မီ အရေးအသား ကနေ ပျူ ရော ၊ မွန် ရော ၊ မြန်မာအက္ခရာ တွေပါ ဆင်းသက် လာတာဖြစ်တဲ့ အတွက် တော်တော်များများဟာဆင်တူပါတယ်။
မြန်မာစာကို တီထွင်ခဲ့သူတွေဟာ သက္ကတ အရေးအသား၊ ပါဠိ အရေးအသား ၊ ပျူ အရေးအသား တို့ ကနေ မြန်မာအက္ခရာ နှင့် အရေးအသားအတွက် လိုတာကို ယူပြီး မလိုတာကို ပယ်ခဲ့ကြပါတယ်။ ဋ ၊ ဌ ၊ ဍ တို့ကိုတော့ မြန်မာစာ အတွက် အသုံးမဝင် စေသော်လည်း ပါဠိ စာပေ သင်ကြားဖို့ အခက်အခဲ မရှိစေရန် ထိုစာလုံးများ ကိုတော့ ထိမ်းထားခဲ့ပါတယ်။
ဒီတော့ မြန်မာစာ ၊ မြန်မာအက္ခရာ စာလုံးတွေဟာ ဗြာဟ္မီ အရေးအသား ကိုမြစ်ဖျားခံပြီး မွန် အက္ခရာ နှင့် ပုံစံတူကာ ပါဠိ ၊ သက္ကတ စာလုံးတို့နှင့် နှီးနွယ်ပြီး ဖြစ်ပေါ်လာတယ်လို့ ပြောနိုင်ပါတယ်။ * ( ၁၂ ရာစု နောက်ပိုင်းမှာ မွန်စာတိမ်ကော သွားပြီး မြန်မာပြည်အောက်ပိုင်းမှာတော့ဆက်လက် ရှင်သန်တယ်လို့ ဆိုပါတယ် ။ ဒါကို.. မြန်မာပြည် အောက်ပိုင်းမှာ ရှိတဲ့ မြို့အမည်တွေကိုကြည့်ရင်သိနိုင်ပါတယ် ….
ဥပမာ- မှော်ဘီ …မွန်ဘာသာဖြင့် မြစ်ကွေ့၊ အင်းစိန် = အစ္စိန = မွန်ဘာသာဖြင့် ဆင်အိုင် … တော်တော်လေးများပါတယ် ကျွန်တော် ဒီလောက်ပဲ မှတ်မိတယ် … ဒေါက်တာသန်းထွန်းစာအုပ်ထဲမှာ ဖတ်ဖူးတာ စာအုပ်လဲရှာမတွေ့တော့ဘူး စာအုပ်နာမည်လဲမမှတ်မိတော့လို့ပါ ) ပိဋကတ်တော်စာများကို မြန်မာများ လွယ်ကူစွာ ဖတ်ရှု့နိုင်ဖို့ အတွက် ရှင်အရဟံ နှင့် သီဟိုဌ် ရဟန်းတော်များ၏ နည်းပေးလမ်းပြ ကူညီမှုဖြင့် မြန်မာအက္ခရာ စာလုံးများဖြစ်ပေါ်လာအောင် တီထွင်ခဲ့ပြီး မြန်မာစာဟာရှေးယခင်က ကျောက်စာများအရ ဆိုရင် လေးထောင့်ပုံစံရေးသားခဲ့တယ်လို့ လဲ ဆိုကြပါတယ်။ ရာဇကုမာ ကျောက်စာ ကို အောက်မှာကြည့်ပါ။ မွန် မြန်မာအက္ခရာ သမိုင်း ပြောင်းလဲပုံ ကိုလဲ တွေ့နိုင်ပါတယ်။
နောက်ပိုင်း ပေစာများရေးတဲ့ ခေတ်ရောက်တော့ ပေစာပေါ်မှာ လေးထောင့်စာလုံးနဲ့ ရေးတဲ့ အခါ ပေစာများ ကွဲထွက်တာကြောင့် အဝန်း အဝိုင်း ပုံရေးဆွဲရင်း မြန်မာစာဟာ ခရာဝန်း ပုံစံပြောင်းလဲလာတယ်လို့ ဆိုကြပါတယ်။ တစ်ချို့ ကလဲ နေဝန်းလဝန်းပုံ ကိုကြည့်ပြီးတီထွင် လာတာကြောင့် မြန်မာအက္ခရာ တွေဟာ အဝန်း အဝိုင်းပုံ ဖြစ်ရတယ်လို့ ဆိုပါတယ်။ မြန်မာစာလုံးတွေကို အဖို အမ ဆိုပြီးခွဲခြားထားပြီး ပ ဆင့် ( ပတ်ဆင့်) စာလုံးတွေမှာ အဖိုစာလုံးပေါ်အဖို စာလုံးမဆင့်ရတာ မထပ်ရတာ၊ အမ စာလုံးအပေါ်မှာ အမစာလုံး မဆင့်ရတာမထပ်ရတာ တွေလဲရှိပါတယ်။ *( ဘယ်လို စာလုံးတွေ မှ ထပ်လို့ရလဲ ၊ ဆင့်လို့ ရသလဲ ကတော့ ကိုယ့်ဘာသာကိုယ်သာစဉ်းစားကြပါတော့ )
မြန်မာစာလုံး စနစ်တကျ ရေးဆွဲပုံ
A letter from BURMA စာအုပ် မှ မြန်မာအက္ခရာ အသံထွက်ပုံ
မြန်မာ အက္ခရာ အဆင့်ဆင့် ပြောင်းလဲလာပုံအား အက္ခရာ နှိုင်းယှဉ်ပြပုံ
ပထမဆုံး မြန်မာအက္ခရာ သင်ပုန်းကြီးကျမ်း ကိုတော့ မြန်မာသက္ကရာဇ် ၁၂၃၅-၄၉ (AD-13) ရာစုအလယ် မှာ ဦးကျည်ပွေ့ ( ခေါ် ) ရှင်ဒိသာပါမောက် က ရေးသားပြုစုခဲ့ပါတယ်။ ၁၇၇၄ ခုနှစ် မှာတော့ သံလျင်မြို့ မှ ဗရင်ဂျီ ဖုန်းတော်ကြီး ပါကိုတိုး(Percoto) က ဗရင်ဂျီ ကျမ်းစာမှုများကို ရောမ မြို့သို့ ကူယူသွားခဲ့ရာ ရောမမြို့ က ဗရင်ဂျီ သာသနာပြု အဖွဲ့ ကမြန်မာအက္ခရာများကို တွေ့ရှိကာ သဘောကျခဲ့တဲ့အတွက် မြန်မာအက္ခရာကို မူတည်ပြီး ဂိတ်စပီလီ ( Guiseppe Expilly ) ဆိုသူ က ခဲစာလုံး တီထွင်ပြီး အဲဒီ ခဲစာလုံးတွေနဲ့ ပထမဆုံးသောမြန်မာ သင်ပုန်းကြီး စာအုပ်ကို ရိုက်နှိပ်ခဲ့ပါတယ်။
၁၇၇၆ ခုနှစ် မှာရိုက်နှိပ်ခဲ့တဲ့ မြန်မာ သင်ပုန်းကြီး စာအုပ်မှာ မှားယွင်းတာတွေရှိတဲ့ အတွက် ၁၇၈၇ မှာ ဘုန်းတော်ကြီး မင်တေအာဇာ ( Mantey Azza ) ဒုတိယအကြိမ်မြန်မာ သင်ပုန်းကြီး စာအုပ်ကို ရိုက်နှိပ်ခဲ့
ပြန်ပါတယ်။
ကွန်ပျူတာမှာ အသုံးပြုနိုင်ခဲ့တဲ့ ပထမဆုံးသော မြန်မာစာလုံး font ကိုတော့ လန်ဒန်မှ အရှေ့တိုင်း ပညာ လေ့လာရေးတက္ကသိုလ် မှ ဂျွန်အိုကဲလ် ဆိုသူ က ၁၉၈၇ ခုနှစ်မှာ ( အင်း၀ ကွန်ပျူတာ မြန်မာ စာလုံး font ) ကို တီထွင်ရေးဆွဲခဲ့ပြီး 1989 ၊ မေလထုတ် လင်းရောင်ခြည် Magazine အမှတ်-76 မှာ စတင်ပြီး အသုံးပြုနိုင်ခဲ့ပါတယ်။
*( Layout ချတာကို Adobe Page Maker ကို စတင်အသုံးခဲ့ပြုတယ် လို့ လဲ ကြားသိရပါတယ် အခုနောက်ပိုင်းမှာတော့ - Adobe Indesign , CorelDraw တို့ QuarkExpress တို့ သုံးပြီး Layout ချနေကြပါပြီ )
ကိုးကားခဲ့သော စာအုပ်စာတမ်းများ
- မြန်မာအက္ခရာရေးသားနည်းစနစ် ( ဦးမြတ်ကျော် )
- ပေစာနှင့် ပေစာထုတ်ကြိုးပေါ်မှ ဆုတောင်းများ ( ရွှေဘို မိမိကြီး )
- ဂရပ်ဖစ် အနုပညာ ( ဆန်နီညိမ်း )
- မွန်မြန်မာ အက္ခရာ သမိုင်း ( ဦးသာမြတ်)
- မြန်မာအဘိဓာန် ( မြန်မာစာ အဖွဲ့ )
- TYPOGRAPHY ( Ambrois / Harris )
- A letter from BURMA ( Framcoise Boudignon )