ကမ္ဗောဒီးယားနိုင်ငံ၊ အန်ကောဝပ်ရှိ မြန်မာဘုရားဖူးမှတ်တမ်းကိုခြေရာကောက်ခြင်း

မှတ်တမ်း ၁

(၁) ၁၂၈၇။ ဏယုံလ္ဆုပ်။ ၁ရက် စနေနေ့

(၂) ပတ္တပေါင်မြို့နေ လုံးကုန္န။ ဇနီး မ

(၃) အိမ်။ တူမ မယ်ကျင်။ မောင်ထွန်း

(၄) လူ။ ဇနီး မယ်ဆစ်။ သား မေါင်ထွန်း

(၅) စိန်။ သမီး မသိမ်းခင်

မှတ်တမ်း ၂

(၁) ၁၂၈၇ ခု မောင်ထွန်းလူ။

(၂) ဇနီး မယ်ဆစ်။ သား မောင်

(၃) ထွန်းစိန်။ သမီး မသိမ်းခင်

(၄) ဘုရားဘူး လါသည်။ နယုံ

(၅) လ္ဆုပ် ၁ရက် ရောံသဉ်။

(မှတ်ချက်။ မှတ်တမ်းပါအနေအထားအရ ၇၇-ဂဏန်းများ၌ ၇နှင့်၈ ရောထွေးနိုင်ချေရှိသည်။ သို့ရာတွင် ၇-ဂဏန်းနှင့် တိတိကျကျ မတူသော်လည်း အောက်ဘက်ခြေထောက်အနည်းငယ် ထွက်နေ(မှတ်တမ်း၂ကြည့်)သည်။ ထို့ပြင် (အကယ်၍) ၁၂၇၇ခု၊ ဏယုံလ္ဆုပ် ၁ရက်၊ စနေနေ့ကို အတည်ယူဆလျှင် ယင်းနေ့သည် အနောက်တိုင်းပြက္ခဒိန်အရ ၁၉၁၅ခုနှစ်၊ မေလ ၂၈ရက်၊ သောကြာနေ့ဖြစ်သည်။ တစ်ရက်ခန့် ကွာနေသည်ကို တွေ့ရသည်။ အကယ်၍ ၁၂၈၈ခု၊ ဏယုံလ္ဆုပ် ၁ရက်၊ စနေနေ့ကို အတည်ယူဆလျှင် ယင်းနေ့သည် ၁၉၂၆ခု၊ မေလ ၂၆ရက်၊ ဗုဒ္ဓဟူးဖြစ်နေသည်။ သို့ဆိုလျှင် မှတ်တမ်းပါစနေနှင့် ဗုဒ္ဓဟူးမှာ ၄ရက်ခန့်ကွာနေသည်။ သို့ဖြစ်၍ ဆိုခဲ့ပြီး ၇/၈-ဂဏန်းရှိခြေထောက်အနေအထားနှင့် (အမှတ်မှားခြင်းကြောင့်) တစ်ရက်ခန့်ကွာဟနိုင်သည့်အနေအထားကိုကြည့်၍ ၁၂၇၇ကိုယူခြင်းက အမှန်နှင့် ပို၍နီးစပ်နိုင်သည်။ ဤအခြေအနေသည် ထွင်းထုထားသော အက္ခရာကို ကြည့်၍ ယူဆခြင်းဖြစ်သည်။ ပုံအရ ၇၇ သို့မဟုတ် ၈၈ကိုသာ မြင်ရသည်။ သို့ရာတွင် ဒေါက်တာဉာဏ်မြင့်၏ထောက်ပြချက်အရ စနေကိုအတည်ယူလျှင် ၁၂၈၇သည် မှတ်တမ်ပါရက်စွဲနှင့် ကွက်တိဖြစ်နေသည်ကို တွေ့ရသည်။ သို့ဖြစ်၍ ၁၂၈၇၊ နယုန်လဆုတ်၁၊ စနေနေ့ (၆၊ ၆၊ ၁၉၂၅) ကို အတည်ယူပါသည်။

မှတ်တမ်းများကိုအခြေခံ၍

အထက်ပါမှတ်တမ်းများကို ဓါတ်ပုံများမှတစ်ဆင့် မြင်ဖူး၊ ဖတ်ဖူးသည်မှာ ကြာပြီ။ သို့ရာတွင် ကိုယ်တိုင်မမြင်ဖူးသေး။ အန်ကောဝပ်ရောက်သည့်အခါများတွင် ဤအချက်ကိုမေ့၍နေသည်။ သို့ရာတွင် သုံးကြိမ်မြောက်ရောက်သည့်အခါတွင် ဤမှတ်တမ်းကိုသတိရ၍ တိုင်နံရံများတွင် ရှာဖွေမိသည်။ အလယ်ဗဟိုရှိအဆောက်အဦများသို့ဝင်သည့် အပြင်ပတ်လမ်း၊ အတွင်းပတ်လမ်း နှစ်ခုရှိရာတွင် အတွင်းပတ်လမ်းအဆောက်အဦဝင်ပေါက် ဘယ်ဘက်ဘေးရှိတိုင်နှင့် ယင်းနှင့်ကပ်လျက် အတွင်းပိုင်းလကျ်ာဘက်ရှိ လက်ဝါးပြင်ဖြန့်ပြထားဟန် ရပ်တော်မူဗုဒ္ဓရုပ်ပွါးတော်၏ ဘေးဘက်တိုင်တွင် ရှိသည်။ ဝင်ပေါက်တိုင်တွင် မှတ်တမ်း၂ ရှိပြီး ရုပ်ပွါးတော်၏ဘေးဘက် တိုင်တွင် မှတ်တမ်း၁ရှိသည်။ မြန်မာမှတ်တမ်း၏အထက်တွင် တရုတ်မှတ်တမ်းစာရှိသည်။ ယင်းအထက်တွင် ၁၂၉၈ (မြန်မာအက္ခရာ) ကို ခဲနှင့်ရေးထားသည်။ မှတ်တမ်း ၁နှင့် ၂သည် တစ်မိသားစုတည်းဖြစ်သည်။ တူမအပါအဝင် မိသားစုခုနှစ်ယောက် ဘုရားဖူးလာသည့် အကြောင်းကို အမှတ်တရဖြစ်စေရန် ရေးခြစ်ထားခြင်း ဖြစ်သည်။ ခေတ်ကာလမှာ ၁၂၈၈ (၁၉၂၆)ခုဖြစ်၍ မြန်မာနိုင်ငံသည် အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်တွင်ရှိနေချိန်ဖြစ်ပြီး ကမ္ဗောဒီးယားသည်လည်း ပြင်သစ်လက်အောက်တွင် ရှိနေချိန် ဖြစ်သည်။ ဤသို့သောအချိန်တွင် မြန်မာဘာသာစကားဖြင့် ရေးမှတ်ထားသည့် ဤမှတ်တမ်းကို ထိုင်းနိုင်ငံကိုကျော်လွန်၍ ဤနေရာတွင် တွေ့နေရခြင်းဖြစ်သည်။ ၎င်းတို့သည် မည်သည့်နေရာက ရောက်လာကြသနည်း။

လုံးကုန္နနှင့်ပတ္တပေါင်မြို့

အထက်ပါအချက်များတွင် နာမည်နှစ်ခုသည် ယင်းတို့ကိုခြေရာခံနိုင်သည့် အဓိကအချက်ဖြစ်သည်။ ယင်းတို့မှာ လုံးကုန္နနှင့် ပတ္တပေါင်မြို့ဖြစ်သည်။ လုံးဟူသောရှေ့ဆက်ပုဒ်ကို မည်သည့် တိုင်းရင်းသားများတွင် မှည့်လေ့ရှိသနည်း။ ဤအချက်ကိုစီစစ်ကြည့်သည့်အခါ လက်ရှိအချိန်ထိ ယင်းအသုံးကို ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းတစ်ကျောရှိ ရှမ်းပအိုဝ်းဒေသများတွင် မှည့်လေ့ရှိသည်ကို တွေ့ရသည်။ စိုင်း၊ စဝ်၊ ခွန်၊ အိုက်တို့၏ အသုံးတစ်မျိုးဖြစ်ဖွယ်ရှိသည်။ သို့ဖြစ်၍ လုံးဟူသော ရှေ့ဆက်ပုဒ်နှင့်မှည့်ထားသော အဖိုးသည် ရှမ်းပအိုဝ်းမျိုးဆက်ဖြစ်ဖွယ်ရှိသည်။ ထို့နောက် ပတ္တပေါင်မြို့သည် မည်သည့်နေရာ၌ရှိသနည်း။ လူမျိုးကမြန်မာပြည်ကဖြစ်၍ ၎င်းတို့ နေသည့်မြို့သည်လည်း မြန်မာပြည်ကဖြစ်နိုင်သည်ဟု ကနဦးကြံဆမိသော်လည်း ယင်းဒေသများနှင့် ဆက်နွယ်မှုရှိသည့် ဒေသခံများထံစုံစမ်းကြည့်သည့်အခါ မြန်မာပြည်တွင် ယင်းမြို့ မရှိကြောင်း တွေ့ရသည်။ ယင်းသို့ရှိစဉ် စိုင်းညွန့်လွင်၏ စီယမ်ရိဗ်ခရီးစဉ်အမှတ်တရဆိုသည့်ဆောင်းပါးကို ဖတ်မိသည်။ “ပတ္တပေါင်မြို့ဆိုတာကတော့ ဘယ်မှာလဲ ကျွန်တော် မသိပါဘူး။ … ကျွန်တော့်ဦးလေးဟာ ၁၉၅ဝ ကျော်လောက်မှာ ဘန်ကောက် ၊ ကလကတ္တား ၊ ပိုင်းလင်း ဆိုတဲ့ မြို့တွေကို လှည့်သွားပြီး အရောင်းအဝယ်လုပ်ခဲ့တဲ့ ကျောက်ကုန်သည်တစ်ဦးပါ။  သူတို့အဖွဲ့ တွေက ရန်ကုန်မြို့ ၊ စမ်းချောင်းမှာနေတဲ့ ရှမ်းအုပ်စုတွေ ဖြစ်ပါတယ်” ဆိုသည့်အချက်ဖြစ်သည်။ ဤအချက်ကနေ ပိုင်းလင်းမြို့ဟူသည့်အစကို ဆွဲထုတ်မိသည်။ ထို့နောက် ယင်းနှင့်ကပ်လျက် ရှိသည့် Battambang မြို့ကို သတိထားမိသည်။ ယင်းသည့် ကမ္ဗောဒီးယား၏ ဒုတိယမြို့တော် ဖြစ်သည်။ Battambang ကနေ မည်ကဲ့သို့ မြန်မာသုံး ပတ္တပေါင်ဖြစ်လာသနည်းဆိုသည့်အချက်ကို စဉ်းစားရင်း ရှေးစာအုပ်များတွင် Battambangကို Battambongဟူ၍လည်း သုံးနှုန်းကြောင်း တွေ့လာရသည်။ ဒေသခံများက ဤမြို့ကို Prattabawng ဟု ခေါ်ကြသည်ဟုဆိုသည်။ သို့ဖြစ်၍ ကမ္ဗည်းစာပါ ပတ္တပေါင်မြို့နေ လုံးကုန္နမိသားစုဟူသည် ကမ္ဗောဒီးယားနိုင်ငံ၊ ပတ္တပေါင်မြို့နေ ရှမ်းပအိုဝ်းနွယ်ဖွားဖြစ်သည်ဆိုသည့်အချက်ကို ရလာသည်။ ထို့နောက် ၎င်းတို့သည် ပတ္တပေါင် မြို့ကို မည်သည့်အချိန်တွင် မည်သည့်ရည်ရွယ်ချက်ဖြင့် မည်ကဲ့သို့ ရောက်လာကြသနည်းဆိုသော မေးခွန်းများကို စူးစမ်းရာမှတစ်ဆင့် ပြုံးမောင်မောင်၏ pailinpagoda.orgတွင် ပိုင်လင်းမြို့ရှိ မြန်မာများတည်သည့်ဘုရားအကြောင်းကို ရှာဖွေဖတ်ရှုမိသည်။ ဤမှတစ်ဆင့် လုံးကုန္နတို့၏ နောက်ခံမှတ်တမ်းကို မြင်ခွင့်ရလာပြီး အချက်အလက်များရလာသည်။

#Ven Kondannakitti


Comments