ရွှေရတု တက္ကသိုလ်ကျောင်းသား (၁)
ရန်ကုန်တက္ကသိုလ်ကြီးကား ရာပြည့်ဖြစ်သွားသကဲ့သို့၊ မိမိ၏ တက္ကသိုလ်ကျောင်းသား ဘဝသည်လည်း ရွှေရတုပြည့်ခဲ့ပါပြီ။ မိမိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ဥပဒေပညာဌာနကို ပထမနှစ်အဖြစ် ၁၉၇၁-ခုနှစ်တွင် စတင် တက်ရောက်ခဲ့ပါသည်။ ၂၀၂၁- တွင် နှစ်ငါးဆယ် ရှိခဲ့လေသည်။ ကြံကြံဖန်ဖန် ဂုဏ်တပ်လိုခဲ့သော် မိမိကိုယ်ကိုမိမိ ရွှေရတု တက္ကသိုလ်ကျောင်းသား ဟူ၍ ခေါ်လိုက ခေါ်ဆိုနိုင်ပေပြီ။
တက္ကသိုလ်ကြီးတွင် ၁၉၇၇-ခုနှစ်အထိ မိတ်ဆွေ သူငယ်ချင်းများတို့နှင့် ပညာသင်ရင်း ကျင်လည်ကျက်စား ခဲ့လေရာ၊ ယခုပြန်စဉ်းစားသော်၊ အမှတ်ရစရာတွေ အများကြီး၊ သတိရစရာတွေ တသီတတန်းကြီး ရှိပါ၏။ ထိုသည်တို့အနက် အသုံးလုံး လုပ်အားပေးအဖြစ်ကို အမှတ်တရ ရှိမိသည်။ တက္ကသိုလ် စရောက်သည်နှင့် သမိုင်းရှိ “ခပေါင်းဆောင်” တွင် နေရပါသည်။ စာသင်ဆောင်မှာ ရာမညဆောင် ဖြစ်၍၊ နေ့စဉ် မိန်းထဲသို့ ဘတ်စ်ကားစီး၍ လာရပါသည်။ နေ့စဉ် တို့လို့တွဲလောင်း ခိုစီးရပြီး၊ တခါတရံမှသာ နေရာရတတ်ပါသည်။
ရောက်မဆိုက်ပင်၊ ထိုနှစ် “အသုံးလုံး” လုပ်အားပေး နွေရာသီစီမံချက်ကို စာရင်းသွင်းလိုက်၏။ ထိုစဉ်က ပညာရေးဝန်ကြီးမှာ ဒသနိကဗေဒ (ဖီလိုဆိုဖီ)မှ ဒေါက်တာခင်မောင်ဝင်း ဖြစ်ပြီး၊ အဆိုပါ အသုံးလုံး အစီစဉ်များကို ဖီလိုဆိုဖီမှ ဆရာများက ထဲထဲဝင်ဝင် ဆောင်ရွက်ကြသည်။ မိမိတို့၏ ခပေါင်းဆောင် အဆောင်မှူးမှာ ဖီလိုဆိုဖီမှ ဒေါက်တာသန်းနိုင်ဖြစ်ပြီး၊ ဟောကျူတာဖြစ်သူ ဆရာဦးဆောင် သည်လည်း ဖီလိုဆိုဖီမှဖြစ်ပါသည်။ မိမိနှင့် သုံးခန်းခြားတွင်နေ၍၊ နေ့စဉ်တွေ့နေရသည်။ အသုံးလုံး စာရင်းသွင်းဖြစ်ရခြင်းမှာလည်း ဆရာဦးဆောင် ကြောင့်ပင် ဖြစ်သည်။ တညနေတွင် သူက အသုံးလုံး ခရီးအကြောင်းပြောပြ၏၊ ရှင်းပြ၏။ ဒေသန္တရဗဟုသုတ ရကြောင်း ဥပမာများဖြင့် ပြောသဖြင့် စိတ်ဝင်စားသွားမိပြီး၊ စာရင်းသွင်းခြင်းကို သူပင်ဆောင်ရွက်ပေးပါသည်။ အသက် နှစ်ဆယ့်တစ်နှစ်သာ ရှိသေးသော တက္ကသိုလ်ကျောင်းသားငယ်တဦးအဘို့ စပ်စပ်စုစု ခရီးကို ဝါသနာပါမိသည်။ မိမိသည် ထိုနှစ် နွေရာသီ ဘတ်စကက်ဘောပြိုင်ပွဲတခုအတွက် အသင်းသို့ ခွင့်တင်လိုက်ပါသည်။ မပျက်စဖူး ပျက်ကွက်၍ အသင်း၏ နည်းပြ နှင့် အုပ်ချုပ်သူတို့က မေးမြန်းသဖြင့်သွားရောက် ရှင်းပြရပြီး၊ မေလကုန်တွင် ကျင်းပလေ့ရှိသော ပြည်နယ် နှင့် တိုင်း ပြိုင်ပွဲအမှီ ပြန်လာပမည် ဖြစ်ကြောင်း အာမဘန္တေခံရပါသေးသည်။
ထိုနေ့က မန္တလေးအဆန်ရထားဖြင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွါရာ ပညာရေးဝန်ကြီးကိုယ်တိုင် ဘူတာသို့ လိုက်လာပြီး နှုတ်ဆက်သည်။ ရထားတွဲ လေးတွဲအပြည့် အသုံးလုံး လုပ်အားပေးများဖြင့် ပြည့်နေပါသည်။ အိုးစည်ဒိုးပတ် ဆိုင်းသံဗုံသံတို့ကလည်း စိတ်အားတက်စရာပင်၊ ပျော်စရာကောင်းလှ၏။ နောက်နေ့ မနက်၌ မိမိတို့ မြစ်ငယ်ဘူတာတွင်တချို့ဆင်းပြီး၊ တချို့က မန္တလေးအထိ ဆက်သွားရသည်။ မိမိတာဝန်ကျမည့် မြို့နယ် နှင့် နီးရာဘူတာတွင် ဆင်းကြရခြင်း ဖြစ်ပါသည်။ မိမိနှင့် အတန်းဖေါ် ကိုမြင့်ဌေး(ပဲခူး) တို့အတွဲက “ဘနော” ဆိုသောရွာကလေးသို့ သွားရမည်ဟုသိရ၏။ မြစ်ငယ်၌ မိမိတို့အားလုံး စုရပ်တခုတွင် ခဏနားကြပြီးနောက်၊ လုပ်အားပေး ကျောင်းသားများ ကို သက်ဆိုင်ရာ ရွာများက လာကြိုကြသည်။ ကိုးနာရီခန့်လောက်တွင် အဆိုပါဘနောရွာမှ ကျောင်းဆရာကြီးဖြစ်သူ ကိုယ်တိုင် နွားလှည်းဖြင့် ရောက်လာပါသည်။ နှစ်ယောက်သား လှည်းလေးတညိမ့်ညိမ့်ဖြင့် နှစ်နာရီလောက်စီးပြီးသော်၊ အဆိုပါရွာသို့ ရောက်သည်။ ဘနောရွာကလေးမှာ ဒုဌဝတီမြစ်ကမ်းဘေးတွင် ရှိပြီး၊ တဖက်ကမ်းမှာပလိပ်မြို့ဖြစ်၏။ ပလိပ်ချည်မျှင် နှင့် အထည်စက်ရုံကိုလည်း လှမ်း၍ မြင်နေရသည်။ မိမိတို့ လုပ်အားပေးကာလမှာ ရက်ပေါင်းသုံးဆယ် ဖြစ်ပါသည်။ တလလုံးလုံး ငြီးငွေ့သည်မရှိ၊ လုပ်အားပေးရက်များ ကုန်မှန်းမသိ ကုန်သွားပါသည်။ နေ့စဉ် စာသင်ချိန်မှာ နေ့ဓဒူဝလုပ်ငန်းများနားချိန် ည ၇-နာရီစသည်။ အောက်လင်း ဓါတ်မီးကြီး နှစ်လုံးကိုထွန်း၍ ကိုးနာရီ-ဆယ်နာရီအထိ သင်ကြတော့သည်။ လွမ်းမိပါသေးရဲ့။
အသုံးလုံး (The three Rs) ဟူသည် အရေး၊ အဖတ်၊ အတွက် ဟူသော မြန်မာစကားလုံးများ၏ အစ စကားလုံး "အ" သုံးလုံးကိုယူ အမည်ပေးထားသည့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ သက်ကြီးရွယ်အို စာမတတ်သူများ ပပျောက်ရေး ပညာရေး စီမံကိန်းကြီးကို ခေါ်သည်။ ထို စီမံကိန်းကြီးကို ၁၉၆၄ခုနှစ်တွင် မိတ္ထီလာခရိုင် အရှေ့ စံပြကျေးရွာ စာတတ်မြောက်ရေး လုပ်ငန်းမှစတင်၍ ၁၉၈၄ ခုနှစ် အထိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူ လုပ်အားပေး ခုနစ်သောင်းကျော်နှင့် ဒေသခံ ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူ လုပ်အားပေးငါးသိန်းကျော်ဖြင့် မြန်မာနိုင်ငံအနှံ့ သင်ကြားပေးခဲ့သည်။
ဇတ်ကြောင်းကို အနည်းငယ် ပြောရသော်၊ဆရာကြီး ဦးသံဗျင်(၁၉ဝ၄-၁၉၉၇)သည် ပညာရေးဝန်ကြီးဌာန အထူးအရာရှိတစ်ဦး ဖြစ်၏။ ၁၉၆၄ ခုနှစ် နွေရာသီတွင် မိတ္ထီလာမြို့နယ် အရှေ့စံပြကျေးရွာ၌ စာမတတ်သူပပျောက်ရေး စမ်းသပ်လုပ်အားပေးလုပ်ငန်းကို ကျောင်းဆရာ (သင်တန်းသား) လေးဦးဖြင့် စတင်ဆောင်ရွက်ခဲ့၏။ ထို့နောက် (ထိုစဉ်က) ပညာရေးဝန်ကြီး ဗိုလ်မှူးကြီးလှဟန်သို့ အစီရင်ခံခဲ့၏။ ၁၉၆၄ မှ ၁၉၆၈ ထိ မြို့နယ်အချို့တွင် စမ်းသပ်ဆောင်ရွက်ခဲ့၏။ ယင်းအတွေ့အကြုံများမှ တစ်ဆင့် တစ်နိုင်ငံလုံးစာတတ်မြောက်ရေး လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက် လာပါ၏။ မိမိတို့ တက္ကသိုလ်တက်စဥ်တွင် အသုံးလုံး စီမံချက်မှာ အရှိန်အမြင့်ဆုံးနှစ်များ ဖြစ်ခဲ့ပါသည်။ နောက်နှစ်လောက်တွင် ဆရာကြီး ဦးသုခ၏ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” အသုံးလုံးလုပ်အားပေး ဇတ်လမ်းရုပ်ရှင် ပေါ်ထွက်လာသည်။ ယင်း၏ ဇတ်ဝင်ခန်းသီချင်းဖြစ်သော- "စာသင်ချိန်" သီချင်းမှာ တပြည်လုံး ခလေးလူကြီးပါးစပ်ဖျားတွင် သီးနေတော့၏-
“ညမှာထိန်လင်းx x လပြည့်ဝန်းလို x x ရေးမယ်ဆိုကx x ဝခေါ်သတဲ့ ဦးကြီးရဲ့ x x ဝကိုနှစ်လုံး ပူးလျက်သုံးက ထခေါ်သဗျ အဒေါ်ရ x x ထကိုအောက်ဖျက်၊ အသံထွက်ကို x x ကဆိုသတဲ့ ဦးကြီးရဲ့ x x ထစာလုံးကို၊ ဘယ်မှာအောက်ဖျက် ညာထက်ဖျက်က x x လခေါ်သဗျ အဒေါ်ရ x x ထ စာလုံးရေး၊ ဘယ်မှာဘေးဖွင့် ညာထက်ပွင့်ကို x x သ ခေါ်သတဲ့ ဦးကြီးရဲ့ x x x” -ဟူသော သီချင်းလေး ဖြစ်ပါသည်။
ယူနက်စ်ကို (UNESCO) စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ တရားဝင်စာတတ်မြောက်နှုန်းမှာ ထိုစဥ်ကတည်းကပင် ၈၉.၉ ရာခိုင်နှုန်းဟု သတ်မှတ်ခဲ့၏။ သို့သော် နောင်နှစ်များမကြာမှီ ဝမ်းနည်ဘွယ် အဖြစ်ကြုံရပါသည်။ မိမိတို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရသော အားထုတ်မှုတို့ ပျက်ရယ်ပြုခြင်း ခံရသည်။
နိုင်ငံ့စီးပွါးရေးများ ကျဆင်းလာခြင်းနှင့်အတူ၊ ပြည်ပချေးငွေများ ကို အသဲအသန် ရှာဖွေကြရာတွင်၊ ကမ္ဘာ့ဘဏ်မှ ချေးငွများရဘို့ ကမ္ဘာ့တိုးတက်မှုနှုံးအနိမ့်ဆုံးစာရင်း၀င် နိုင်ငံ (Least-developed Country) ဖြစ်ဘို့ ကြံဖန်ရတော့သည်။ သို့မှသာ ချေးငွေများပို၍ ရမည်ကိုး။ ချေးငွေရရန် လိုအပ်ချက်များတွင် စာတတ်မြောက်သူ အနည်းဆုံး ဖြစ်ဘို့လိုပါသည်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ဘဏ်ချေးငွေကို လျှောက်ထားသောအခါ၊ စာတတ်သူ ဦးရေ ၁၈.၇% ဟူ၍သာ စာရင်းပြရပါတော့သည်။ ထိုကတည်းက အသုံးလုံး စီမံချက် အရေးတော်ပုံကြီး မီးခိုးတိတ် အသံပျောက် သွားရပါတော့သည်။ မည်သူ့အားကိုမျှ အပြစ်မတင်လိုပါ၊ ကမ္ဘာမီးလောင်တော့၊ သားကောင်ကိုပင် ချနင်းကြရသည် မဟုတ်ပါလော။
(နတ္ထိ သမံ ဝိဇ္ဇာ မိတ္တံ)
(ရွှေရတု တက္ကသိုလ်ကျောင်းသားတဦးဘဝ ကြုံဆုံခဲ့ရသမျှ တခုဖြစ်ပါ၏)
Comments
Post a Comment