မင်းတုန်းမင်းကြီး၏ ကောင်းမှု ပါတိမောက် မင်ရေး ပေမူတစ်ဆူ
ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးရဲ့ ကောင်းမှု မင်ရေး ပါတိမောက် ပေမူတစ်ဆူ ဖြစ်ပါတယ်။ အရင်တစ်ခါ မျှဝေဖူးပါတယ်။ ကုန်းဘောင်ဆက် ရာဇဝင်ဖတ်ဖြစ်ရင်း သတိရလို့ အောက်ပါလင့်ကို ထပ်မံမျှဝေလိုက်ရပါတယ်။
ကုန်းဘောင်ဆက် ရာဇဝင်မှာ မင်းတုန်းမင်းကြီးဟာ အမရပူရမှာ နန်းစံစဉ် ၁၂၁၈ (၁၈၅၆) ခုနှစ်မှာ ပုဒ်ပါဌ်တိမ်းယိမ်းနေတဲ့ ပိဋကတ်တော်မူတွေကို စိစစ်သုတ်သင်ပြီး မူကောင်းမူသန့် ဖြစ်အောင် ရေးသားဖို့ ဆရာတော်တွေကို လျှောက်ထားခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ နောင်အချိန် ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီးလို့ ထင်ရှားလာမဲ့ မန္တလေး ကုသိုလ်တော်ဘုရားဝန်းကြီး အတွင်းမှာ ပိဋကတ်တော်တွေကို ကျောက်ထက် အက္ခရာ မတင်မီ (၄) နှစ် အလိုက ဖြစ်ပြီး ပဉ္စမ သင်္ဂါယနာ မတင်မီ (၁၅) နှစ် အလိုက ဖြစ်ပါတယ်။
အထက်က လျှောက်ထားမှုကို ဆရာတော်တွေ သဘောတူတဲ့အခါ မင်းတုန်းမင်းကြီးဟာ မြေနန်းတော် မြောက်ဖက်မှာ သုံးထပ် တန်ဆောင်းသုံးဆောင် ခမ်းခမ်းနားနား ဆောက်လုပ်စေပြီး ပိဋကတ်တော်ပေမူတွေ စိစစ် တည်းဖြတ်ရေး လုပ်ငန်းကြီးကို စတင်ခဲ့ပါတယ်တဲ့။ ဒီလုပ်ငန်းကြီး က ဘယ်လောက်ခမ်းနားသလဲ ဆိုရင် ပေထက်မတင်မီ (၃) ရက် အလိုကတည်းက မြို့တွင်းမြို့ပြင် စည်လည်စေပြီး ပြည်သူပြည်သားတွေကို ပိဋကတ်တန်ဆောင်းတွေဆီ လာရောက်ဖူးမျှော်စေခဲ့ပါတယ်တဲ့။
ပိဋကတ်တော် ပေမူ ရေးသားမဲ့ ဝန်ထမ်းအဖွဲ့ကလည်း မနည်းလှပါဘူး။ ပိဋကတ်တိုက်စိုးစတဲ့ မင်ရေး၊ ရွှေရေး၊ ကညစ်ရေး ဝန်ထမ်းအဖွဲ့က လူတစ်ရာကျော် ပါဝင်ကြောင်း သိရပါတယ်။
ပိဋကတ်တော်ပေမူတွေကို မပြတ်ကြပ်မ ပြင်ဆင်မဲ့ အကြီးအမှူးဆရာတော်ကြီး (၃) ပါးကတော့ ( ၁) ဒက္ခိဏာရာမ ဆရာတော်၊ (၂) စီးတော်မြင်းဝန်တိုက် ဆရာတော်နဲ့ (၃) ဆီးဗန်းနီ ဆရာတော်တို့ ဖြစ်ပါတယ်တဲ့။ ဒါ့အပြင် ဒီ စီမံကိန်းကြီးမှာ သာသနာပြု ဆရာတော်ကြီးနဲ့ တံဆိပ်ရ ပိဋကတ်မ ဆရာတော် (၄) ပါး၊ စာကြည့် ဆရာတော် အပါး (၃၀)၊ စာတည်း ဆရာတော် အပါး (၅၀)၊ ပရိယတ် တတ်ကျွမ်းတဲ့ ဆရာတော် အပါး (၅၀) တို့လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဒီလို စီစစ် တည်းဖြတ် ရေးသားပြီးတဲ့ ပိဋကတ် ပေမူတွေကို ပထမအဆင့် လွှတ်စာရေး၊ ရုံးစာရေးတွေက စာကျစာကျန် စိစစ်ရပါတယ်တဲ့။ အဲဒီနောက် တံဆိပ်တော်ရ စာတည်း ဆရာတော်တွေက ထပ်မံ စီစစ်ရပြီး နောက်ဆုံးအဆင့်ကိုတော့ စာကြည့်ဆရာတော်ကြီးတွေက ကြည့်ရှုတည်းဖြတ် ပြင်ဆင်ကြပါတယ်တဲ့။
အဲဒီနောက် ပိဋကတ်တော် တန်ဆောင်းအတွင်းမှာ တိုက်ပြီး စိစစ်ပြီး တည်းဖြတ်ပြီး ပိဋကတ်ပေမူ မူသန့်တွေကို မူအများ ပွားဖို့ အတွက်ကိုတော့ ဘုရင်ကိုယ်တိုင်က သုတ္တန်ပိဋကတ်ကို တာဝန်ယူပါတယ်တဲ့။ မိဖုရားခေါင် နန်းမတော်ဖုရားက အဘိဓမ္မာ ပိဋကတ်ကို တာဝန်ယူပြီး အိမ်ရှေ့မင်းက တော့ ဝိနည်း ပိဋကတ်ကို တာဝန်ယူခဲ့ပါတယ်တဲ့။
အလွန် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပိဋကတ်တော် တည်တံ့ ပြန့်ပွားရေး စီမံကိန်းကြီး ဖြစ်ပါတယ်။
မင်းတုန်းမင်းကြီးလက်ထက်မှာ ပိဋကတ်တော်ပေမူတွေကို အနောက်နိုင်ငံသားတွေထံ လက်ဆောင်ပေးအပ်ခဲ့တာလည်း ရှိခဲ့ပါတယ်တဲ့။ အဲဒီထဲမှာ အစောဆုံးကတော့ ခုပြောတဲ့ ပိဋကတ်ပေမူ သန့်စင်တည်းဖြတ်ရေး စီမံကိန်းကြီး မတိုင်မီ တစ်နှစ် အလို ၁၈၅၅ ခုနှစ်က ဖြစ်ပါတယ်။ လက်ခံရရှိခဲ့သူကတော့ အမရပူရ နေပြည်တော်ကို အင်္ဂလိပ် သံအဖြစ် ရောက်လာခဲ့တဲ့ ဆာ အသာဖယ်ရာဖြစ်ပြီး အဲဒီ ပိဋကတ်ပေမူတွေဟာ ယခုတော့ လန်ဒန်မှာ ရှိနေပါတယ်တဲ့။ ဒီ ပိဋကတ်တော် ပေမူတွေကို ပိုးနဲ့ ထုပ်ထားပြီး စုစုပေါင်း (၂၉) ထုပ်ရှိပါတယ်တဲ့။ အဲဒီ (၂၉) ထုပ်အနက်မှာ ၁-၅ အထိက ဝိနည်းပိဋကတ်၊ ၆-၂၁ ထိက သုတ္တန်ပိဋကတ်နဲ့ ၂၂-၂၉ ထိက အဘိဓမ္မာ ပိဋကတ်ဖြစ်ပါတယ် တဲ့။ အဲဒီ ပိဋကတ်ပေမူတွေမှာ ကူးယူပြီးစီးတဲ့ နှစ်များလည်း ရေးသားထားပြီး (၁၂၀၂-၀၃) ကာလက ဖြစ်ကြောင်း သိရပါတယ်တဲ့။ ဒါကြောင့် မင်းတုန်းမင်းကြီးလက်ထက် အနောက်တိုင်းကို အစောဆုံး ရောက်ခဲ့တဲ့ ပိဋကတ်တော်ပေမူတွေဟာ သူ့လက်ထက်က ပိဋကတ်တော်မူမဟုတ်ဘဲ ခမည်းတော် သာယာ၀တီမင်းလက်ထက် ကူးထားတဲ့ ပေမူဖြစ်တယ်လို့ ဆက်စပ်ကြည့်ရပါတယ်။
ဒါတွေက ခု ပေးတဲ့လင့်က ပေမူနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေသာ ဖြစ်ပါတယ်။ ယခု ပါတိမောက် မင်ရေးပေမူကတော့ လောကမာရဇိန် စေတီတော်ကြီး ဒါယကာ လို့ရေးထားတဲ့အတွက် ပဉ္စမ သင်္ဂါယနာ တင်ပြီးတဲ့ ကာလလောက်မှ ရေးခဲ့ပေမူ ဖြစ်မလား သို့မဟုတ် ကျောက်ထက် အက္ခရာ တင်ပြီးမှ ရေးတဲ့ ပေမူ ဖြစ်လေမလား လို့ တွေးမိပေကြောင်း။
Comments
Post a Comment