ပင်းတလဲမင်း၏ ကောင်းမှု သဟဿ၀တ္ထုပေမူ



ကိုလိုနီခေတ်က ရောက်သွားတဲ့ ပေမူတွေအမှတ်နဲ့ သီပေါမင်းနဲ့ မိဖုရားကောင်းမှု ပေမူလို့ ထင်ခဲ့မိပါတယ်။ အဲဒီထက် မစောနိုင်ဘူးထင်တာ။ ဘုန်းကြီး ဦး ကောဏ္ဍညရဲ့ ကျေးဇူးနဲ့ ဒီမူဟာ ညောင်ရမ်းခေတ်က သာလွန်မင်းကြီးရဲ့ သားတော် ပင်းတလဲမင်းရဲ့ ကောင်းမူဖြစ်ကြောင်းသိရပါတယ်။ ဒါဆိုတော်တော်ကို ရှားတဲ့ မူ ဖြစ်သွားလို့ ပို ဝမ်းသာမိပါတယ်။ ပင်းတလဲမင်းရဲ့ နောက်ဆုံးနှစ် ၁၆၆၀ ကို ယူရင်တောင် ဒီပေမူရဲ့ သက်တမ်းက နှစ်ပေါင်း (၃၆၀) နီးပါး ရှိပါပြီ။ အဖိုးမဖြတ်နိုင်တဲ့ပေမူဖြစ်ပါတယ်။

သဟဿ၀တ္ထုကျမ်းဆိုတာ သီဟိုဠ်ဖြစ် ဟောရေးပြောရေးဇာတ်လမ်းတွေကို စုစည်းထားတဲ့ ပိဋကတ်ပြင်ပ ဇာတ်တော်စာပေကျမ်းလို့ ပြောပါတယ်။ မဟာဝံသဋီကာ မှာ ဒီ သဟဿ၀တ္ထုကို ကိုးကားထားလို့ ဒီကျမ်းဟာ မဟာဝံသဋီကာပြုစုတဲ့ အေဒီ (၈/၉) ရာစုထက်စောနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ရှေးခေတ်က အသုံးများခဲ့တဲ့ (၁၃) ရာစုနှစ်အတွင်း သီဟိုဠ်မှာပြုစုတဲ့ ရသဝါဟိနီကျမ်း ဟာ ဒီ သဟဿ၀တ္ထုကို အခြေခံထားကြောင်း လည်းသိရပါတယ်။ သို့သော်လည်း သဟဿ၀တ္ထုမှာ ဇာတ်လမ်း (၉၃) ပုဒ်သာ ပါပေမဲ့ ရသဝါဟိနီမှာတော့ (၁၀၃)ပုဒ် ထိပါသတဲ့။

ရေးထားတဲ့ အက္ခရာပုံစံတွေကတော့ ပုဂံခေတ်က မင်စာပါဠိတော်စာလုံးတွေအတိုင်းပါဘဲ။ ပုဂံခေတ်က ကျောက်စာတွေမှာ သီဟိုဠ်ဖြစ်ဇာတ်လမ်း မာလဲတရားနာကြောင်း နဲ့ မင်သုံဖမိုက်ကဲ့သို့ ချစ်သောသူများနဲ့ ကွေကွင်းစေသတည်း ဆိုပြီး သီဟိုဠ်ဖြစ် သုမ္ဘမိတ္တဇာတ်လမ်း ကို ရည်ညွှန်းထားကြောင်းတွေ့ရလို့ ဒီ ကျမ်းစာတွေဟာ ပုဂံခေတ်ကတည်းက ရောက်ခဲ့ပုံရပါတယ်။

ပေမူတွေသုတေသန ပြုတဲ့ ဘုန်းဘုန်းများအတွက် အဖိုးတန်ပေမူ ဖြစ်ပါလိမ့်မယ်။ ဒီပေမူကို ဗြိတိန်နဲ့ အိုင်ယာလန် Royal Asiatic Society ကနေ Archive ဝက်ဆိုဒ်မှာ တင်ပေးထားတာကို မိမိက google drive မှာ ဆေ့ဗ်ကို ပြန်လည်မျှဝေလိုက်ပါတယ်။ ပေမူမှာ သဟဿ၀တ္ထုနဲ့ အင်္ဂုတ္တုရ် စတုက္ကနိပါတ် တွဲလျက်ဖြစ်နေပါတယ်။ သဟဿ၀တ္ထုကလည်း အစကနေ အစဉ်အတိုင်းမဟုတ်ကြောင်း တွေ့ ရပါတယ်။ သုတေသီ ဆရာတော်များ လေ့လာနိုင်ကြပါစေသတည်း။


CREDIT:




Comments