စာပေ_မောင်ခင်မင်(ဓနုဖြူ)
စာပေဟူသောဝေါဟာရသည် စာနှင့်ပေကို ပေါင်းစပ်ဖွဲ့စည်းထားသော ဝေါဟာရ ဖြစ်သည်။ ပေဟူ သည် ပေရွက်ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ပေပေါ်တွင် ရေးမှတ်ရသောခေတ်က ပေထက်အက္ခရာတင်သောစာ ကို စာပေဟုခေါ်ဟန်ရှိကြောင်း ပညာရှင်တို့မိန့်ဆိုကြသည်။ "စာကောင်းပေမွန်"၊ "စာကြီးပေကြီး"၊ "စာတိုပေ စ" စသောအသုံးအနှုန်းများကို ကြည့်လျှင် စာနှင့်ပေကို တွဲသုံးသည့်အလေ့ရှိကြောင်း ထင်ရှားသည်။ နောက် ပိုင်းတွင်မူ ပေပေါ်တွင်သာမက ကျောက်ပြား၊ ပုရပိုက်၊ စက္ကူ၊ သတ္တုပြား စသည့်မည်သည့်ပစ္စည်းကိရိယာပေါ် တွင်ဖြစ်စေ အက္ခရာတင်ထားသည့်အရေးအသားများကို စာပေဟူ၍ပင် ခေါ်လေ့ရှိသည်။ မြန်မာစာအဖွဲ့က ပြု စုသော မြန်မာစာအဘိဓာန်အကျဉ်းချုပ်တွင် စာပေဟူသော ဝေါဟာရကို ဖွင့်ဆိုရာ၌ "အကြောင်းအရာ၊ အ တွေ့အကြုံ၊ အတွေးအခေါ်၊ အဖြစ်အပျက်တို့ကို ရေးသားပုံနှိပ်ထွင်းထုထားချက်"ဟူ၍ ခြုံငုံဖွင့်ဆိုထားသည်ကို တွေ့ရသည်။
စာပေ၏နယ်နိမိတ်ကို သတ်မှတ်ဖွင့်ဆိုရာ၌ ပညာရှင်များ အယူအဆကွဲပြားကြသည်။ အယူအဆ တစ်ခုမှာ "စာပေဟူသည် အက္ခရာတင်ထားချက်အားလုံးပင် ဖြစ်သည်"ဟူသောအယူအဆ ဖြစ်သည်။ ထိုအယူ အဆအရ စာအရေးအသား စတင်ပေါ်ပေါက်သည့်အချိန်မှစ၍ အက္ခရာတင်ထားသောစာအားလုံးကို စာပေဟု သတ်မှတ်ရမည်ဖြစ်သည်။ ထိုအယူအဆကို ငြင်းပယ်မှုများလည်း ရှိသည်။ "အက္ခရာတင်ထားသမျှ အားလုံး ကိုသာ စာပေဟုသတ်မှတ်မည်ဆိုလျှင် စာပေဟူသော ပညာရပ်၏နယ်ပယ်ကြီးသည် လူ့ယဉ်ကျေးမှုနယ်ပယ် ကြီးတစ်ခုလုံးနှင့်တစ်ထပ်တည်း ကျသွားလိမ့်မည်။ သို့ဆိုလျှင် စာပေဟူသောပညာရပ်၏သီးသန့်နယ်ပယ်နှင့် သီးသန့်နည်းနာတို့ကို မျက်ကွယ်ပြုရာရောက်လိမ့်မည်"ဟုသုံးသပ်လျက် ထိုအယူအဆကို ငြင်းပယ်ခြင်းဖြစ်သည်။
"စာပေဟူသည် စာကြီးပေကြီးဟုသတ်မှတ်ခံရသော လက်ရာများ ဖြစ်သည်"ဟူသောအယူအဆ လည်း ရှိသည်။ ထိုအယူအဆရ မည်သည့်အကြောင်းအရာကိုမဆို စာပေအရာမြောက်အောင် နှစ်သက်ဖွယ်၊ ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးသားထားလျှင် စာကြီးပေကြီးစာရင်းဝင်ပြီးစာပေဟု သတ်မှတ်ရမည်ဖြစ်သည်။ ကဗျာကြီး၊ ဝတ္ထုကြီး၊ ပြဇာတ်ကြီးများသာမက အရေးအဖွဲ့ကောင်းသောသမိုင်း၊ ဒဿနိကဗေဒ၊ စီးပွားရေး၊ နိုင်ငံရေးစသည့်ပညာရပ်ဆိုင်ရာစာအုပ်ကြီးများကိုပါ စာပေအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ အဆိုပါပညာ ရပ်ဆိုင်ရာစာအုပ်ကြီးများကို စာပေအဖြစ် သတ်မှတ်ခြင်းသည် ထိုပညာရပ်များကို နက်နက်ရှိုင်းရှိုင်းထိုးထွင်း လေ့လာပြီး သတ်မှတ်ခြင်းမဟုတ်။ ထိုပညာရပ်များကို မတတ်ကျွမ်းဘဲ ထိုသို့ထိုးထွင်းလေ့လာခြင်းမပြုနိုင်။ စာပေအရေးအသား ကောင်းမွန်မှုဟူသောပုံသဏ္ဌာန်ကိစ္စလောက်ကိုသာ အပေါ်ယံရှပ်၍ လေ့လာပြီး စာပေအ ဖြစ်သတ်မှတ်ခြင်းသာဖြစ်သည့်အတွက် ဤသတ်မှတ်ချက်တွင် အားနည်းချက်ရှိကြောင်း ထောက်ပြမှုများ ရှိ သည်။ ထို့ပြင် စာပေသမိုင်းတစ်လျှောက်တွင် လူမှုရေး၊ ဘာသာစကား၊ အတွေးအခေါ်စသည့်နောက်ခံအခြေ အနေများနှင့်ဆက်စပ်ကာ စာပေအမျိုးမျိုးပေါ်ထွန်းလာသည့်သဘာဝရှိပါလျက် စာကြီးပေကြီးများကိုသာ ကွက်ပြီး စာပေအဖြစ် သတ်မှတ်ခြင်းသည် စာပေဖြစ်ထွန်းမှုအစဉ်ကို မျက်ခြေပြတ်အောင် လုပ်ရာရောက်သည့် အပြင် နောက်ခံအခြေအနေများကိုလည်း မှေးမှိန်အောင် လုပ်ရာရောက်သည်ဟုထောက်ပြလျက် ထိုအယူအဆ ကို ငြင်းပယ်မှုရှိကြောင်း တွေ့ရသည်။
အများလက်ခံသော သတ်မှတ်ဖွင့်ဆိုချက်မှာ "စာပေဟူသည် စိတ်ကူးဉာဏ်ဖြင့် ဖန်တီးရေးဖွဲ့သော စာဖြစ်သည်"ဟူသောဖွင့်ဆိုချက် ဖြစ်သည်။ ထိုစာပေမျိုးကို ရသစာပေဟု တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ်သုံး နှုန်းနေပြီဖြစ်သည်။ စာရေးသူက မိမိ၏အတွေ့အကြုံကို အခြေပြု၍ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးရေးဖွဲ့သောစာ ကို စာဖတ်သူက ဖတ်ရသောအခါ စိတ်တွင် ရသခေါ် နှစ်သက်မှုကို ခံစားရသည်။ ထိုစာမျိုးကို ရသစာပေဟု ခေါ်ခြင်းဖြစ်သည်။ ရသစာပေထဲတွင် အဓိကအားဖြင့် ဝတ္ထု၊ ကဗျာ၊ ပြဇာတ်ဟူသောစာပေသုံးမျိုး အကျုံးဝင် သည်။ ထို့ပြင် ရသမြောက်အောင် ရေးဖွဲ့ထားသော အတ္ထုပ္ပတ္တိ၊ မှတ်တမ်း၊ စာတမ်းငယ်(အက်ဆေး)တို့သည် လည်း ရသစာပေတွင် အကျုံးဝင်ကြောင်း ပညာရှင်တို့ မိန့်ဆိုကြသည်။
ထိုစာမျိုးတို့ကို ဖတ်၍ စိတ်ထဲတွင် ဖြစ်ပေါ်သောခံစားမှုကို ပျားရည်ထောပတ်တို့ကို စားရသောအခါ နှစ်သက်သာယာသကဲ့သို့ စိတ်ထဲတွင် နှစ်သက်သာယာအပ်သောသဘောဟူ၍ ယောမင်းကြီးဦးဖိုးလှိုင်က ဥပ မာပေးကာ မိန့်ဆိုဖူးသည်။ အစားကောင်း စားရသောအခါ အရသာရှိသကဲ့သို့ စိတ်ထဲတွင် အရသာရှိသွား သောစာပေမျိုးဟု ဆိုနိုင်သည်။ ထိုအရသာခံစားပြီးနောက် ထိုခံစားမှု၏ဂယက်ဖြင့် မိမိပတ်ဝန်းကျင်ကို သတိ မူမိပြီး အသိအမြင်ရရှိခြင်းသည် ရသစာပေက ပေးသောအကျိုးတရားဖြစ်သည်။ ဤဖွင့်ဆိုချက်အရဆိုလျှင် ရသစာပေ မဟုတ်သောစာမျိုးကို စာပေအဖြစ် မသတ်မှတ်နိုင်ပေ။
စာပေ၏နယ်နိမိတ်သတ်မှတ်မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ဝိဝါဒများ ရှိသည့်အတွက် စာပေသမိုင်း တွင် မည်သည့်စာများကိုသာ ထည့်သွင်းသင့်သည်၊ မည်သည့်စာများကို မထည့်သွင်းသင့်ဟူသည့်ဆွေးနွေး ငြင်းခုန်မှုများ တွေ့ရသည်။ ရသစာပေစစ်ကိုသာ စာပေအဖြစ် သတ်မှတ်မည်ဆိုလျှင် အစဉ်အဆက်ပေါ်ထွန်း ခဲ့သောဆေးကျမ်း၊ ဗေဒင်ကျမ်း၊ နက္ခတ်ကျမ်းစသည်တို့ကို စာပေသမိုင်းတွင် မထည့်ဘဲ ချန်ထားခဲ့ရမည်ဖြစ် သည်။ ဆရာမောင်ထင်ကမူ ဤသို့သတ်မှတ်လျှင် စာပေနယ်ကျဉ်းမြောင်းသွားဖွယ်ရာ ရှိကြောင်း မှတ်ချက် ချပြီး တရားစာများ၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ နီတိကျမ်းများစသည့် ကျမ်းဂန်တို့ကို ရေးသား စီရင်ရာတွင် အင်္လကာရသပေါ်အောင် ရေးလျှင် စာပေအရာမြောက်သည်ဟုယူဆကြရပါမည်"ဟူ၍ မိန့်ဆိုဖူးပါသည်။
စာပေဟူသည် စာအရေးအသားကို အခြေပြု၍ ပေါ်ပေါက်ခြင်းဖြစ်သောကြောင့် စာအရေးအသား မ ပေါ်မီက လူတို့၏စိတ်ကူးဉာဏ်ဖြင့် ဖန်တီးဖွဲ့ဆိုသောသီချင်းများ၊ ကဗျာများကို စာပေအဖြစ် မသတ်မှတ်နိုင် ဟုပညာရှင်အချို့က ဆိုကြသည်။ သို့သော လူမျိုးအသီးသီးတွင် စာအရေးအသားမပေါ်မီကပင် သီချင်းများ၊ ကဗျာများကို စိတ်ကူးဉာဏ်ဖြင့် ဖွဲ့ဆိုကာ နှုတ်ဆင့်ကမ်းခဲ့ကြသည့်အစဉ်အလာရှိကြောင်း၊ ထိုအဖွဲ့များသည် နားထောင်သည့်ပရိသတ်ကို ရသဟူသည့်နှစ်သက်မှုပေးစွမ်းနိုင်ကြောင်း၊ ထို့ကြောင့် ယင်းတို့ကို "နှုတ်ပြောစာ ပေ"အဖြစ် သတ်မှတ်သင့်ကြောင်း ပညာရှင်အချို့က မိန့်ဆိုကြသည်။
"စာပေဟူသည် ကောင်းစွာအသုံးပြုထားသော ဘာသာစကား ဖြစ်သည်"ဟူသောဖွင့်ဆိုချက်ဖြင့် စာ ပေနှင့်ဘာသာစကားကို ဆက်စပ်ပြမှုမျိုး ရှိသည်။ ပန်းချီလက်ရာတစ်ခုဖြစ်လာအောင် ဆေး၊ စုတ်တံ၊ စက္ကူ စသည်တို့ဖြင့် ဖန်တီးရသကဲ့သို့လည်းကောင်း၊ ပန်းပုလက်ရာတစ်ခုဖြစ်လာအောင် ဆောက်၊ သစ်သားတုံး စ သည်တို့ဖြင့် ဖန်တီးရသကဲ့သို့လည်းကောင်း၊ စာပေအရေးအဖွဲ့တစ်ခုဖြစ်လာအောင် ဘာသာစကားဖြင့် တည် ဆောက်ရသည်။ ထို့ကြောင့် ဆေး၊ ဆောက်၊ သံစဉ် စသည်တို့သည် ပန်းချီ၊ ပန်းပု၊ ဂီတတို့၏ကုန်ကြမ်းပစ္စည်း များဖြစ်လာသကဲ့သို့ ဘာသာစကားသည် စာပေ၏ကုန်ကြမ်းပစ္စည်းဖြစ်သည်ဟုမိန့်ဆိုကြသည်။ စာပေရေးဖွဲ့ ရာတွင် ဘာသာစကား၏အစွမ်းသတ္တိကို အသုံးပြု၍ ရသအာနိသင်ထက်မြက်အောင် ဖန်တီးနိုင်ပုံကို စူးစမ်း လေ့လာကြသည်။
မြန်မာစာပေ၏အစဉ်အလာအရ "စာပေပရိယတ္တိ၊ စာပေပိဋကတ်၊ စာပေကျမ်းဂန်"ဟူသောအသုံး များကို ကြည့်လျှင် စာပေဟူသည် ဘုရားဟောပိဋကတ်ကျမ်းဂန်များကို အဓိကရည်ညွှန်းကြောင်း တွေ့ရသည် "ပုထိုးဘုရား၊ ကျောင်းကန်သွား၍၊ တရားစာပေ၊ နာပါချေအံ့"ဟူသော နေမိငရဲခန်းပျို့မှအသုံး၊ "တရားစာပေ ဟောပေတတ်သော အရာ၌"ဟူသောပါရာယနဝတ္ထုမှ အသုံးတို့တွင် ထိုသဘောကို အထင်အရှားတွေ့နိုင်သည်။ နောက်ပိုင်းတွင် လောကီရေးရာစာများ ပေါ်ထွန်းလာသောအခါ စာပေဟူသောဝေါဟာရ၏အသုံး ကျယ်ဝန်း လာသည်ကို တွေ့ရသည်။
ယခုခေတ်တွင်မူ "ရသစာပေ၊ သုတစာပေ၊ သိပ္ပံစာပေ၊ ခရီးသွားစာပေ၊ ရည်ညွှန်းစာပေ"စသည်ဖြင့် စာပေဟူသော ဝေါဟာရကို ကျယ်ဝန်းသောအဓိပ္ပါယ်ဖြင့် အသုံးပြုလျက်ရှိကြောင်း တွေ့ရပါသည်။
၂ဝဝ၁ ခုနှစ်၊ နိုဝင်ဘာလ၊ အမှတ်(၂ဝ၁)ထုတ် ကလျာမဂ္ဂဇင်း စာမျက်နှာ(၃၄-၃၅)တွင် လာရှိသောဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထားခြင်း ဖြစ်ပါသည်။
Comments
Post a Comment