မြန်မာ အက္ခရာအထုပ္ပတ္တိ

မြန်မာအက္ခရာထုပ္ပာတ်အနေနနဲ့ သုတေသနပြုဖော်ထုတ်ပေးခဲ့တာ မြန်မာအက္ခရာပညာရှင် ဆရာကြီးဦးသာမြတ် တစ်ဦးသာ ရှိခဲ့ပါတယ်။ ဆရာကြီးဦးသာမြတ်ဟာ မဂဓ တိုင်းသုံး(ယခုအိန္ဒိယ) ဗြဟ္မီ (အသံထွက်-ဗရမီ)အက္ခရာ တွေကနေ ပျူခေတ်သုံး(သရေခေတ္တရာခေတ်သုံး)အက္ခရာ၊ ထိုမှတဆင့် ပုဂံခေတ်သုံးအက္ခရာတွေကို သုတေသနပြု ချိတ်ဆက်ပြခဲ့တဲ့ တစ်ဦးတည်းသော မြန်မာပဏ္ဍိတ်ကြီးဖြစ်ပါတယ်။

အောက်မှာရေးဆွဲပေးထားတာကတော့ ဦးသာမြတ်ရဲ့ မြန်မာအက္ခရာထုပ္ပတ်ပါ အက္ခရာပြောင်းလဲပုံ အဆင့်ဆင့်ကို ထပ်မံဖြည့်စွတ်လေ့လာတင်ပြထားတာ ဖြစ်ပါတယ်။ 

ပျူခေတ်(သရေခေတ္တရာခေတ်သုံး) ရှေးဗမာစာသည် လည်းကောင်း၊ ပုဂံခေတ်သုံး ရှေးဗမာစာသည်လည်းကောင်း  မူလဗြဟ္မီအက္ခရာကနေ အဆင့်ဆင့်ပြောင်းလဲလာခဲ့တာဖြစ်ပြီးတော့ သရေခေတ္တရာခေတ်မှာ ဗြဟ္မီအက္ခရာတစ်တန်း၊ ဗြဟ္မီအက္ခရာကနေ ဆင့်ပွားပြောင်းလဲလာတဲ့ ပျူမြန်မာကိုယ်ပိုင်ဟန် စာအက္ခရာတစ်တန်းနဲ့ ရေးထိုးထားတဲ့ သရေခေတ္တရာတွေ့ ကျောက်အိုးစာများ၊ ဟန်လင်းကျောက်စာတိုင်များက သက်သေခံပြီး ဖြစ်ပါတယ်။

မြန်မာအက္ခရာသည် ကုလားအက္ခရာကနေ ပြောင်းလဲ ဆင်းသက်လာတယ်လို့ လက်လွတ်စပယ်ပြောလို့ လုံးဝ မရပါဘူး။ ဘာကြောင့်လဲဆိုရင် အိန္ဒိယတိုင်းသုံး ဗြဟ္မီ အက္ခရာကနေ ဂုတ္တ၊ ဂဒဗအက္ခရာရေးဆွဲပုံနဲ့ အနည်းငယ် တူပြီးနောက် သရေခေတ္တရာခေတ်မှာ ကိုယ်ပိုင်အက္ခရာ ရေးဆွဲဟန်တွေ မြောက်များစွာတွေ့ရပါတယ်။ ဒါကြောင့်လဲ အလွယ်တကူလေ့လာလို့မရတာကြောင့် ချွန်တွန်းငေါ့ပြီး ပျူစာလို့ ယာယီအမည်တပ်ခံခဲ့ရတာဖြစ်ပါတယ်။

ဗြဟ္မီအက္ခရာဟာ ခရစ်တော်မပေါ်မှီ ဘီစီ ၈ ရာစုခန့်မှာ စတင်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းနဲ့  အိန္ဒိယဒေသ အာရိယန်မတိုင်ခင် ရှေးကျသော စာအက္ခရာခေတ်၏ နှောင်းပိုင်းကာလမှနေ၍ အသောကခေတ်သုံး ဗြဟ္မီ အက္ခရာများ ရရှိဖြစ်ထွန်းလာခြင်း ဖြစ်ဖွယ်ရာ အလုံးစုံ ရှိနေပါတယ်” လို့ ပါမောက္ခ ဒေါက်တာ ဆွန်နတီကုမာချတ္တာဂျီ   M.A.,D.Litt (Lon D)ကလည်း ရေးသား ပြောဆိုခဲ့ပါတယ်။

အိန္ဒိယမှာရှိသမျှ ဒွါဗီဒီယန်နဲ့ အာရီယန်ယဉ်ကျေးမှုသာဖြစ်တယ်လို့ မည်သည့်ပညာရှင်များကမှ တစ်ထစ်ချသတ်မှတ် နိုင်ခြင်း၊ အတည်ပြုနိုင်ခြင်း၊ အတည်ပြုရဲခြင်းမရှိသလို သုတေသနတွေ့ရှိချက်များအရ အာရီယန်မျိုးနွယ်စုများ အိန္ဒိယတိုင်းအတွင်းကို အလုံးအရင်းနဲ့ ခြေမချခင်မှာ ဒေသခံ ဒွါဗီဒီယန်မျိုးနွယ်စုတွေကို မိဘသဖွယ် ထိမ်းသိန်း အုပ်ချုပ်ပေးနေတဲ့ မျိုးနွယ်စုကိုတော့ ဗြဟ္မာမျိုးနွယ်လို့ ခေါ်ဆိုတာဖြစ်ပြီး၊ ထိုဗြဟ္မာလူမျိုးများ ရေးထိုးသုံးစွဲတဲ့ စာအက္ခရာကို ဗြဟ္မီအက္ခရာ(ဗရမီအက္ခရာ)လို့ ခေါ်ဆို တာဖြစ်ပါတယ်။ ဗြဟ္မာ(ဗရမ္မာ) ရဲ့အဓိပ္ပါယ်နဲ့ ပက်သက်ပြီးတော့ ကမ္မဌာန်းအကျင့်အကြံ၌လည်းကောင်း၊ ကျမ်းဂန်  ဗဟုသုတအရာ၌ လည်းကောင်း နာမည်ကျော်ကြားလှသော “သေက္ချတောင်ဆရာတော် ဥူးတိလောက” မထေရ်မြတ်သည် ဗမာနိုင်ငံတစ်ဝှမ်း ထင်ရှားကျော်ကြား လှသော ကျမ်းတစ်ဆူဖြစ်သည့် “ပဏ္ဍိတဝေဒနိယ ဒီပနီကျမ်း”တွင် ဤကဲ့သို့ ဖော်ပြခဲ့ပါတယ်။ -

“ငါတို့ ဗဟ္မာဇာတ် ကွဲစအခါ ရှေးဦးစွာသော ပညာရှိ  အာဒိပုရိသတို့သည် မိမိတို့၏ အမျိုးဇာတ်ကို ကြီးပွားစေခြင်းငှာ၊ ကောင်းမြတ်သော အမည်နာမ ဖြစ်စေခြင်းငှာ ငါတို့၏အမျိုးဇာတ်သည် တစ်နေ့တစ်ခြား စည်ကားကြီးပွားတတ်၏။ ထို့ကြောင့် “ဗဟ္မာ” ဟု တွင်စေသတည်းဟု အမည်မှည့်ကြလေကုန်၏”

ဗဟ္မာလူမျိုးတို့၏ ရှေးဘိုးဘေးဘီဘင်တို့သည် အတိတ်ကောင်း နိမိတ်ကောင်းဆောင်စေခြင်းငှာ မိမိတို့လူမျိုးအမည်ကို ယင်းကဲ့သို့  ဗဟ္မာ ဟုမှည့်ခေါ်ခဲ့ကြောင်းဥူးတိလောက က ဖော်ပြထားပါသည်။

“ဤ ဗဟ္မာဟူသော သဒ္ဒါသည် ဗဟဓာတ်ဝုဒ္ဓိ၊ ကြီးပွားခြင်းအနက်ဟော။ မာပစ္စည်း။ ဗဟ္မာ၊ဗဟ္မာနော။ ဟေဗဟ္ဓေ၊ ဟေ ဗဟ္ဓာနောစသည်ဖြင့် ဗြဟ္မ သဒ္ဒါအတူ ဝိဘတ် ခုနှစ်သွယ်ဖြင့် ရုပ်ပြီးကောင်းသော ပုလ္လိင်၊ အာကာရန္တ၊ ရာဇဒိဂိုဏ်းတည်း။ ဗြောဗဿဟူသော ယောဂဝိဘာဂဖြင့် ဗ ကို ဗြ-ပြုလျှင် ဗြဟ္မာ ဟု ပုဒ်ပြီး၏။ ထို့ကြောင့် ဗဟ္မာလူမျိုး-ဗြဟ္မာလူမျိုး ဟု ခေါ်လိုရာခေါ်ရ၏”

ဗဟ္မာ ဟူသော အနက်အဓိပ္ပာယ်နှင့် ဗဟ္မာလူမျိုး၊ ဗြဟ္မာလူမျိုး ခေါ်လိုရာ ခေါ်နိုင်ကြောင်း ဆရာတော် ဥူးတိလောကမှ ဖွင့်ဆို ရှင်းပြထားပါတယ်။

အဂ္ဂမဟာပဏ္ဍိတ ပါဋိဆရာကြီး ဦးဖြေသည် ပေါရာဏ မူလကထာ အဘိဓာန်ကျမ်းတွင် မြန်မာ-ဗမာ၏ အဓိပ္ပာယ်ကိုအောက်ပါအတိုင်းပေးခဲ့ပါတယ်။

“မြန်မာ-ဗမာ-ဗြမာ-ဗြဟ်မာ-ဗြဟ္မာ = ဈာန် စသော ဂုဏ်တို့ဖြင့်  ကြီးပွားမြင့်မြတ်သောလူမျိုး” 

ဟု ဖွင့်ဆိုရှင်းပြခဲ့ပါတယ်။

ကျောက်စာအထောက်အထားတွေအနေနဲ့ကတော့ ၆၆၁-ခုနှစ် ၊ မ္လတ်ကြီးစွာ သိမ်ကျောင်း ကျောက်စာတွင် -

*ဗြုံမှာလဲ ၂၀ ၊ တန်လိုင်လဲ ၅* ဟုရေးထိုးထားပါတယ်။ တန်လိုင်လယ် ဟူသည်မှာ တန်လိုင်လူမျိုးပိုင်လယ်  တလ္လိုင်မ္လိယ် ဟူသည်မှာ တန်လိုင်လူမျိုး နေစား လုပ်စားမြေကို ဆိုလိုခြင်းဖြစ်သည်။ အလားတူပင်လဝလူမျိုးပိုင် လယ်ကို လဝလယ် စသည်ဖြင့် ရေးထိုးလေ့ရှိရာ “ဗြုံမှာလဲ” ဟူသည်မှာ “ဗြဟ္မာလူမျိုး (ဝါ) ဗြုံမှာ-ဗြုံဟ္မာ-ဗမာ လူမျိုးပိုင်  လယ်ကို ရေးထိုးဖော်ပြခြင်း ဖြစ်ပါတယ်။

ထိုကဲ့သို့ပင် ၄ မျက်နှာဘုရား ကျောက်စာရုံ အမှတ်-၃၊ ကျောက်စာတိုင်၏ အနောက်မျက်နှာတွင် “ဗရုမ်လယ် (ဗမာလယ်)” ဟုလည်းကောင်း၊ ၆၄၁ ခုနှစ် ၊ တာမလိန်ကျောင်း ကျောက်စာ(ကျော)တွင် ဗြုဟ္မာမဟာတန်လဲ ၄၀ ဟု လည်းကောင်း၊ ၆၄၂ ခုနှစ် ၊ တာမလိန်ကျောင်း ကျောက်စာတွင် “ဗြုဟ္မာမ္လိယ်လဲ  ဗြုဟ္မာမ္လိယ်မ္လတ်”ဟု လည်းကောင်း ရေးထိုးကြလျှက် ဗမာ (ဝါ) ဗြဟ္မာလူမျိုး၏ ကြောင်းတူသံကွဲ ဝေါဟာရ (Synonymn) ဗရုမ်၊ ဗြုဟ္မာ တို့ကို သုံးစွဲရေးထိုးထားပါသည်။

ဆိုလိုရင်းကတော့ ဘီစီခေတ်အိန္ဒိယတိုင်းသုံး စာအက္ခရာတွေဟာ ယနေ့ ကုလားလို့ ခေါ်ဆိုသုံးနှုန်းနေတဲ့ ဒွါဗီဒီယန်၊ အာရီယန်၊ ဒွါဗီဒီယန်+အာရီယန် မျိုးနွယ်စုတွေရဲ့ စာအက္ခရာမဟုတ်ဘဲ ကပိလဝတ်ပြည်နဲ့ ယနေ့ နီပေါလ်နိုင်ငံဝန်းကျင်မှာတွေ့ရတဲ့ အင်ဒို-မွန်ဂိုလွိုက်နွယ်ဝင် ဗြဟ္မာ(ဗရမ္မာ)လူမျိုးတွေရဲ့ ကိုယ်ပိုင် စာအက္ခရာဖြစ်ကြောင်းနဲ့ ကုလားစာအက္ခရာတွေဖြစ်တဲ့ နာဂရီ၊ သျှာရဒါ၊ ဘင်္ဂလီ၊ ကန္နရီ၊ ဂရန်သာ၊ တာမီလ်စာတွေနဲ့ ဆင့်ကဲဖြစ်ပေါ်ပုံခြင်း လုံးဝမဆိုင်ကြောင်း ဖော်ပြလိုရင်းဖြစ်ပါတယ်။

credit : Thant Lwin Oo












Comments