စကားပြောသော ထန်းရွက်ကလေးများ


မြန်မာ့ ရိုးရာ ဓလေ့ ထုံးတမ်း စဉ်လာယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ထန်းဖူးဇာတာနဲ့ ပတ်သက် လို့ လူတိုင်း သိသင့်တဲ့အတွက် ဗဟုသုတအဖြစ် တင်ပြပေးလိုက်ပါတယ်။


မြန်မာ့ ရိုးရာ ဓလေ့ထုံးစံအရ ယုံကြည်စွာလက်ခံထားတဲ့

စနစ်တစ်ခုကတော့ ဇာတာဖွဲ့ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာလူမျိုးတွေ ရဲ့ အိမ်ဦးခန်း မှာ ဗူးကလေး တွေ ဝါးကျည်တောက်ကလေးတွေ နဲ့ ထည့်ထားတဲ့ ဇာတာလေးတွေ တွေ့မြင်ဖူး ကြပါမယ်။


အိမ်ဦးခန်းမှာ အခန့်သား နေရာရနေတဲ့ ဇာတာလေးတွေမှာ ဘာတွေပါတယ်၊ ဘယ်သဘောတရား နဲ့ ပြုလုပ်ထားသလဲ၊ ဘာကြောင့် ဇာတာ ဖွဲ့ကြသလဲ ဆိုတာ သိတဲ့သူ ခပ်နည်းနည်းပါ၊ ဒါကလည်း သာမန် လူတွေ အပြစ်မဟုတ်ပါ။

ဗေဒင်ဆရာတွေက ကောင်းတယ်ဆိုရင် များသောအားဖြင့် မျက်စိမှိတ်ပြီး ဇာတာ ဖွဲ့တဲ့သူက များပါတယ်။


ထန်းရွက် ဇာတာ ၊ စက္ကူ ဇာတာ ၊ ပလပ်စတစ် ဇာတာ ၊

ငွေပြား ဇာတာ ၊ ရွှေပြား ဇာတာ ၊ ဆင်စွယ် ဇာတာ ၊

ကြေးပြား ဇာတာ အသီးသီး ဖွဲ့ကြတာတွေ တွေ့ရပါလိမ့်မယ်။


#ဇာတာဆိုတာဘာလဲ


ဇာတာဆိုတာ မှတ်စာပါ။

ဘာ မှတ်စာလဲဆိုတော့

လူတစ်ဦး မွေးတဲ့ အချိန် မှာ ကောင်းကင်ပေါ်မှာ ရှိနေတဲ့

ဂြိုဟ်တွေဟာ ဘယ်နေရာမှာ ရောက် နေလဲ ၊ မွေးတဲ့အချိန်မှာ အရှေ့ မိုးကုတ်စက်ဝိုင်းမှာ လင်းနေတဲ့ ကြယ်တာရာတွေ ဟာ ဘယ်ရာသီမှာ ရောက်နေလဲ ၊ ကာယကံရှင် ဟာ ဘယ် နက္ခတ် နဲ့ ယှဉ်လဲ ၊ မိမိ မွေးဖွားချိန် ဟာ ဘယ်နှစ် ၊ ဘယ်လ ၊ ဘယ်နေ့ဘယ်အချိန် စသည် ... တို့ကို မှတ်ထား တဲ့ ထန်းရွက် ကို ဇာတာ လို့ ခေါ်ပါတယ်။


#ဇာတာကိုဘာကြောင့် ထန်းရွက်နဲ့လုပ်ရလဲ


ဒီနေရာမှာ ရိုးရာဓလေ့နဲ့ ယှဉ်ပြီး ပြောပြ ရပါမယ်၊ အိန္ဒိယ မှာ စက္ကူလိပ် နဲ့ ဇာတာလုပ်ကြတယ်။

မွန် လူမျိုးတွေဟာ ဝါးပေါ်မှာ ဇာတာလုပ်ကြတယ်၊

အဲသလိုပဲ မြန်မာလူမျိုးဟာ ထန်းရွက်ပေါ်မှာ ဇာတာလုပ်ကြတယ်။

မြန်မာ့ရိုးရာဓလေ့မှာလည်း‌ကောင်း၊

သစ်ပင်များမှာလည်းကောင်း၊ ထန်းပင်ဟာ အရေးပါ

အရာရောက်ပါတယ်၊ မင်္ဂလာ ရှိတဲ့အပင်၊ အသက်အရှည်ဆုံးအပင်၊

ပဒေသာပင်လို့ သတ်မှတ်ကာ

(သပြေပင် ၊ အုန်းပင် ၊ ထန်းပင် သုံးမျိုးကို

မြန်မာ လူမျိုးတွေရဲ့ မင်္ဂလာပွဲတိုင်းမှာ အသုံးပြုကြတယ်။)

မင်္ဂလာပွဲ ဆိုရင် သပြေညွှန့် ဟာ အရေးအကြီးဆုံး

အသုံးအဆောင်တစ်ခုအဖြစ် အသုံးပြုကြတယ်။

အဲသလို လက်ထပ်မင်္ဂလာပွဲနဲ့ တစ်ခြားပွဲတွေမှာ

အုန်းညွှန့်၊ အုန်းပင်ပေါက်ဟာ မပါမဖြစ်တဲ့ အပင်ဖြစ်ပါတယ်။

ထန်းကျပြန်တော့ ပင်စည်ကနေ တစ်ပင်လုံး

လူ့အကျိုးဆောင်တဲ့ အပင်ဖြစ်တယ်လို့ ယူဆကြတယ်။ သစ်ပင်တွေထဲမှာ အသက်ရှည်ဆုံးလည်း ဖြစ်တယ်။

အဲဒါကြောင့် ထန်းပင်ရဲ့အရွက်ကို မင်္ဂလာယူပြီး ထန်းရွက်နဲ့ ဇာတာဖွဲ့ တာပါ။

ရိုးရိုးစာရွက်နဲ့သော်လည်းကောင်း ၊ ကြေးပြား ၊

ဆင်စွယ် ၊ ပလပ်စတစ်ပြား အားလုံး မှာ ဇာတာ

လုပ်လို့ ရသားပဲ ၊ မလုပ်တာက ထန်းပင် ဟာ

ပဒေသာပင် ဖြစ်လို့ပါပဲ ၊ လုပ်တဲ့ ဇာတာရှင် ရဲ့

စီးပွားရေး ၊ ကြီးပွားရေး ၊ ငွေကြေးဥစ္စာ ကျန်းမာရေး ဟာ ပဒေသာပင်ကြီး လို ကြီးပွားတိုးတက်ပါစေတော့ဆိုတဲ့ ဆန္ဒနဲ့ လုပ်ကြတာပါ။


#ဇာတာပြုလုပ်ပုံ


ဇာတာ တစ်စောင် ဖြစ်ရန်အတွက် ထန်းရွက်တစ်ခုနှင့်

တစ်ခု ကြားတွင် ထန်းရွက်ငယ်များ အစာအဖြစ် ထည့်၍ ပြုလုပ် ရပါတယ်။

သို့မှသာ ဇာတာ ဖောင်းနေကာ သံကညစ်ဖြင့် ရေးသားနိုင်မှာ ဖြစ်ပါတယ်။ အစာထည့်ပြီး ထန်းကြမ်းကို ညှိပြီးလျှင်

တမာစေ့ကော် နှင့် အတွင်းမှ တစ်ခု နှင့် တစ်ခု ကပ်ကာ

ကွာမလာအောင် သစ်သားဘောင် ဖြင့် ပြုလုပ်ထားသော ဇာတာညှပ်ကိရိယာတွင် ထည့်ထားရပါတယ်။ ထိုသို့ ကြပ်နေအောင် ၁၅ရက် မှ တစ်လအတွင်း

ထားလျှင် အထူးကပ်ပြီး ခိုင်ခန့်သော ထန်းဖူးဇာတာ

အကြမ်းများ ရလာပါတယ်။ ထန်းဖူးများကို ပုံစံဖြင့် လက်နှင့်ချုပ်ရန် ဖောက်ကာ ကြိုးနှင့် ချုပ်ရ၏။

ချုပ်ပြီး ဘေးတစ်ဖက်တစ်ချက်မှ ဇာတာပုံ ပေါ်လာရန်

ပုံစံအတိုင်း လှလှပပ လှီးရပါတယ်။ ပြီးရင် ပန်း ၊ စက်ဝိုင်း

ဆွဲသူထံပို့ပြီး ဆွဲခိုင်းရပါတယ်။ ဇာတာတစ်စောင် ပြုလုပ်ရန် လက်တွေ့ အလွန် ကရိတထ များသော အလုပ် ဖြစ်ပါတယ်။


#ဇာတာရေးနည်း


ပေရွက်ပေါ်တွင် ထင်ရှားစွာ စာလုံးများ ပေါ်ရန် သံကညစ်ဖြင့် ရေးသားရပါတယ်။ ပေရွက် (သို့) ထန်းဖူးဇာတာ မှာ မညီသောကြောင့် စားပွဲပေါ်တွင်လည်းကောင်း ၊

အမာပေါ်တွင်လည်းကောင်း ရေး၍ မရပါ။

ရေးပါက မညီပါ ၊ မညက်ပါ ၊ မလွယ်ပါ။

ထို့ကြောင့် ဒူးထောင်၍ မုဆိုးထိုင် ထိုင်ကာ

ဒူးပေါ် တင်ပြီး သံကညစ် ဖြင့်ထိန်းကာ ရေးရပါတယ်။ စက်ဝိုင်း နဲ့ မျဉ်း များကို ကွန်ပါ ၊ ပေတံ တို့ဖြင့် သတ်မှတ်ထားသော အကျယ်အဝန်း တွင် မိအောင်

ရှင်းလင်း သေသပ်လှပစွာဖြင့် ရေးရပါတယ်။


#ဇာတာနဲ့ရက်ချုပ်


ဇာတာ ဆိုတာ စာကြောင်းရေ အားဖြင့် ၇ကြောင်း ရှိတာကို ခေါ်တယ်။

ရက်ချုပ်ဆိုတာ စာကြောင်းအရ ၅ကြောင်း ရှိတာကို ခေါ်တယ်။

ရက်ချုပ် ကို ကလေး တစ်ယောက် မွေးပြီးတာနဲ့ လုပ်ရတယ် ၊ ကလေး ၁၆နှစ်ကျော်ရင် ဇာတာ ပြန်လုပ်ရတယ်လို့ အဆိုရှိတယ်။ မွေးကတည်း က ဇာတာ လုပ်ထားရင် ပိုကောင်းတာပေါ့လေ ၊ တစ်ခါတည်း နဲ့ ကိစ္စ ပြီးတာပေါ့။

ဇာတာ မှာ စာကြောင်းရေ ၈ကြောင်း ထက်မပိုအောင် ရေးကြတဲ့ အဓိပ္ပာယ်က ၇ရက်သားသမီး အားလုံး မေတ္တာ ခံယူနိုင်သူ ဖြစ်ရပါစေသား ဆိုတဲ့မေတ္တာခံယူ တဲ့ သဘော နဲ့ ရေးကြတာပါ။

ရက်ချုပ် မှာ စာကြောင်းရေ ၅ကြောင်း ရေးတာကတော့

ငါးနှစ် အထိ မိဘရင်ခွင်မှာ နေရတဲ့အတွက်ဖြစ်ပါတယ်။

မိဘနှစ်ပါး မေတ္တာ ခံယူထားနိုင်သူ ဖြစ်ပါစေ လို့ မေတ္တာခံယူ တဲ့ သဘောနဲ့ ရေးကြတာ ဖြစ်ပါတယ်။

ဇာတာ မှာ စာကြောင်း က စပြီး ရည်ရွယ်ချက်ရှိ ပြီးသားပါ။

ပြီးတော့ စာကြောင်းတွေရဲ့ ဘေးမှာ ပါတဲ့ (စ) (ဓ) (ဗ) (၀)တို့ဟာ ဤဇာတာရှင်ကို သူတော်စင်များ စောင့်ရှောက်ပါစေဆိုပြီး ဆုတောင်း ထားတဲ့သဘောပါ။

အဲသလိုပဲ ဇာတာတစ်ချို့မှာ (ဗု) (ဓံ) (သံ) (ဒေ)လို့ ရေးထားတာက ဘုရား ၊ တရား ၊

သံဃာ ၊ နတ်ဒေဝါတို့ ဤဇာတာရှင်ကို စောင့်ရှောက် ပါစေလို့ ဆုတောင်း တဲ့ သဘောပါ။


#ထန်းဖူးဇာတာအမျိုးမျိုး


ထန်းဖူး ဇာတာ ဖြစ်သော်လည်း လက်ရာ နှင့် ပန်းဆွဲမူ အပေါ် မူတည် ၍ အမျိုးမျိုး အမည် ကွဲပြား ၍ ခေါ်ပါတယ်။


၁ ။ အဓိပတိတိုင်ရိုးရိုး

၂ ။ အဓိပတိတိုင်ပန်း

၃ ။ အဓိပတိပန်းရာသီနေကြာ

၄ ။ အဖြစ်တော်

၅ ။ နေကြာဇာတာ

၆ ။ ဘီရိုပုံ

၇ ။ ထောင့်ပန်းနေကြာ

၈ ။ ပန်းတဝက်ဇာတာ

၉ ။ ငါးကြီးအာနန္ဒ

၁၀ ။ ပန်းအပြည့်ဇာတာ

၁၁ ။ အဖုံးအပိတ်

၁၂ ။ တွိစက်ကဇာတာ

စသဖြင့် ၁၂မျိုး မျှ ဇာတာ အခေါ်အဝေါ် ရှိပါတယ်။


#ဇာတာမှာ ဘာတွေရေးရသလဲ


ဇာတာ တစ်စောင် မှာ စာကြောင်းရေ (၇) ကြောင်း

ရှိတယ် ဆိုတာ ပြောပြီးပြီ၊ စာ (၇)ကြောင်း ပြည့်အောင် လျှောက်ဖြည့်ရေးထား တာ မဟုတ်ပါဘူး၊ သူ့အကြောင်းနဲ့ သူ့အရာ အားလုံးရှိပြီးသားပါ။

ပထမ အခုယုဂ်ဟာ ကလိယုဂ်မို့ ဇာတာ မှာ ဇာတာရှင်ရဲ့

မွေးတဲ့နှစ်ကို ထည့်ရတယ်၊ ပြီးတော့ ဒီဃရသနှစ်ကြွင်း ကို

ထည့်ရတယ်၊ မွေးသက္ကရာဇ်ကိုရေးရမယ်။

( နှစ်ကြွင်းဆိုတာ မွေးသက္ကရာဇ် ကို ၁၁၀၀ နှစ်ဖြိုလို့ ကျန်တဲ့ နှစ်ကို ဆိုလိုတာပါ )

ပြီးတော့ မွေးလ ၊ မွေးရက် ၊ မွေးနေ့၊ မွေးချိန် ၊

(အင်္ဂလိပ်) ခုလရက် ပါ ရေးရတယ်။

မြန်မာ နာရီကျော်နာရီ လဂ်စန်း ဟောရတ် တြင်း န၀င်း လဂ်စီးနက္ခတ်၊ နေရိပ်ဖဝါး

(ညမွေးဆိုရင် မွန်းတည့်နက္ခတ် ပါ ရတယ်) နာမည် စသဖြင့် အသီးသီးတို့ကို

ရေးရပါတယ်။


#ဇာတာဖွဲ့ဖို့ တွက်ချက်ရတာလေးတွေ


၁ ။ အာယနာ / ၂ ။ သာယနာ / ၃ ။ ရဝိဖုဋ /

၄ ။ ဒိနန္ဓ / ၅ ။ နိသဒ္ဓ / ၆ ။ နေ့ဗဟို /

၇ ။ ညဗဟို / ၈ ။ တက္ကလ / ၉ ။ ကျော်နာရီ /

၁၀ ။ လဂ်စီးနက္ခတ် / ၁၁ ။ ဟောရတ် /

၁၂ ။ တြွင်း / ၁၃ ။ နဝင်း / ၁၄ ။ မွန်းတည့်နက္ခတ် /

၁၅ ။ တိထီ / ၁၆ ။ မြင်နက္ခတ် / ၁၇ ။ စင်နက္ခတ် /

၁၈ ။ ပြည်စန်း / ၁၉ ။ တိုင်ဦး / ၂၀ ။ ဓာတ်တိုင် /

၂၁ ။ စုတ်တိုင် / ၂၂ ။ ဆီတိုင် / ၂၃ ။ မိတ္တုတိုင် /

၂၄ ။ အထွန်း / ၂၅ ။ ၁နွေ ဘုတ္တိ /

၂၆ ။ ၂လာင်္ ဘုတ္တိ / ၂၇ ။ ၃င်္ဂါ ဘုတ္တိ

၂၈ ။ ၄ဟူး ဘုတ်တိ / ၂၉ ။ ၅တေး ဘုတ်တိ /

၃၀ ။ ၆ကွာ ဘုတ်တိ / ၃၁ ။ စနေ ဘုတ်တိ /

၃၂ ။ ရာဟု ဘုတ်တိ / ၃၃ ။ ကိတျ ဘုတ်တိ /

၃၄ ။ လဂျ ဘုတ်တိ / ၃၅ ။ ပုည / ၃၆ ။ ဣသရ /

၃၇ ။ ပဝတ်တိ / ၃၈ ။ ထီးဖွူ / ၃၉ ။ သိရီ /

၄၀ ။ ဆင်ဖြူ / ၄၁ ။ သုဝဏ္ဏ / ၄၂ ။ ရတနာပုံ /

၄၃ ။ ရဇိတ / ၄၄ ။ အဓိပတိ / ၄၅ ။ ကလိယုဂ္​ /

၄၆ ။ ဘဝါး / ၄၇ ။ အံသာစက် / ၄၈ ။ ဘာဝစက် /

၄၉ ။ နှစ်ကြွင်း / ၅၀ ။ သုံဒ္ဓဒိန် /

၅၁ ။ ပဋိသန္ဓေတိုင်

အထက်ပါ အချက်များ အားလုံး ကို တွက်ချက် ပြီးမှသာလျှင် ဇာတာ တစ်စောင် ကို ဖွဲ့ရခြင်း ဖြစ်သည်။


#ဇာတာတစ်စောင်ကို ထိန်းသိမ်းထားနည်း


ဒီခေါင်းစဉ် ကို ကြည့်ပြီး ဇာတာ ကို ဘာများထိန်းသိမ်း

ထားစရာ ရှိလို့ ဒီအတိုင်း ထားရင် ဘာဖြစ်မလဲ လို့ မေးစရာ ပေါ်လာပြီ။

အခု ပြောပြချင်တာက ဇာတာ ဆိုတာ မလုပ်ရင်ကိစ္စ မရှိဘူး၊ ဇာတာရှိတယ် ဆိုရင် သူ့အထိုက် နဲ့ သူ့အလျောက် ထားရပါမယ်။

ဇာတာတစ်စောင် အိမ်မှာရှိတယ်ဆိုရင် အဲဒီဇာတာကို

အိမ်ကဘုရားစင်ညာဘက်မှာ ထားရမယ်။

ထားပုံထားနည်းက .......

ရာသီခွင် ( စက်ဝိုင်း ) ကို အောက်က ထားရတယ်။

ဘာကြောင့် အောက်က ထားရသလဲ ဆိုတော့ တဘက်ပါ

စာညင်း ကို ကြည့်ပါ။ အောင်ဇေယျတု စတဲ့ စာတွေဟာ အောက်ကနေပြီး အပေါ်ကို တက်နေတာ တွေ့ရလိမ့်မယ်။

အဲသလိုပဲ ဇာတာရှင် ရဲ့ ကံကြမ္မာဟာ တက်ပါစေ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ စက်ဝိုင်းကို အောက်ကထားပြီး ထောင်ထားရတာပါ။

ပြီးတော့ ကိုယ့် အသက်အိမ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့

လုပ်တဲ့ ဇာတာကို တစ်ယောက်တည်း နဲ့ ဇာတာနှစ်စောင် မထားကောင်းဘူးလို့

အဆို ရှိတယ်။

ဒါကြောင့် အိမ်မှာ ဇာတာနှစ်စောင်ရှိရင်

တစ်စောင်ကို ရေထဲ မျှောပစ်ရတယ်။

နောက် ဇာတာ ဟာ ကျိုး နေမယ်၊ ပဲ့ နေမယ်၊ ပိုးထိုး

နေမယ် ဆိုရင် လည်း ဇာတာ အသစ် လုပ်ရပါတယ်။ အနာအဆာ ရှိနေတဲ့ ဇာတာ ကို မထားရဘူး။


#ဇာတာရေမျှောနည်း


ရေမျှောရတဲ့နည်း ကတော့ ကိုယ့်မွေးနေ့

ရေတက်နေတဲ့အချိန် ( မနက် ၆နာရီ မှ ၈နာရီ အတွင်း ) မှာ ဇာတာ ကို အ၀တ်ဟောင်း နဲ့ ပတ်၊ အဲဒီ အ၀တ်ဟောင်း မှာ ဆန် တစ်ဆုပ်၊ မြေဇာမြက် တစ်ဆုပ်၊ ကြေးနီပိုက်ဆံ တစ်ပြား၊ သံချောင်း တစ်ချောင်း ထည့်ပြီး မြစ်ဆိပ် ရေရှင် မှာ ကိုယ့်ရဲ့ မကောင်းတဲ့ ကံတွေ ပါသွားပါစေ လို့ ဆုတောင်း ရေမျှော ရပါတယ်။

ကဲ…..ဇာတာနဲ့ ပတ်သက်လို့ ဗဟုသုတတွေ စုံပါပြီ။

#ဝေဒင်္ဂ


ပြန်လည်မျှဝေပါသည်။ ငွေသော်တာ

Comments