ရေတိမ်နစ်နေတဲ့ မြန်မာစာမြန်မာမှု

ကျွန်မသည်မြန်မာစာအဓိကဖြင့်ဘွဲ့ရခဲ့သူမဟုတ်ပါ။ဓါတုဗေဒ အဓိကဖြင့်ဘွဲ့ရခဲ့သူဖြစ်ပါသည်။သို့သော်ကျွန်မတို့ငယ်စဉ်က သင်ကြားပေးခဲ့သောမြန်မာစာဆရာ၊ ဆရာမများသည်မြန်မာစာကိုကျောင်းသားများစိတ်ဝင်စားလာစေရန်သင်ပြနိုင်စွမ်းရှိသူများဖြစ်ကြပါသည်။တက္ကသိုလ်ရောက်တော့လည်းပထမနှစ်မေဂျာအားလုံးမြန်မာစာမသင်မနေရ သင်ယူကြရပါသည်။ကံကောင်းစွာပင်မြန်မာစာသင်ပြမှုအလွန်တော်သည့်ဆရာဦးအောင်သိန်း၏ အတန်းတွင်တက်ရောက်ခဲ့ရပါသည်။အကြောင်းကိစ္စရှိ၍ အတန်းဖျက်ရန်ကြုံလာလျှင်တတ်နိုင်သမျှမြန်မာစာအချိန်ကိုမဖျက်ဘဲတခြားဘသာရပ်အချိန်ကိုဖျက်ပါသည်။မြန်မာစာအချိန်ဖျက်ရမည်ကိုရှောင်ရှားခဲ့ပါသည်။ကျွန်မတစ်ဦးတည်းဤသို့မြန်မာစာအချိန်ကိုအလေးထားသည်မဟုတ်ပါ။ မေဂျာသုံးခုပေါင်းတက်ရသောမြန်မာစာအချိန်သည်ဟောခန်းထဲတွင်သင်ယူရသည်ဖြစ်ရာအတန်းအလွယ်တကူလစ်၍ ရစေကာမူမပျက်မကွက်တက်ရောက်သူများပြားသည်ထိဆရာ၏ အသင်အပြကောင်းမှုက ကျွန်မတို့အပေါ်လွှမ်းမိုးခဲ့ပါသည်။



ကျွန်မတို့ငယ်စဉ်က ရုပ်မြင်သံကြားမပေါ်သေးပါ။ရေဒီယိုသာနားထောင်ကြရပါသည်။မြန်မာ့အသံမှသတင်းနှင့်အစီအစဉ်ကြေညာသူများကိုအားလုံးနီးပါးမှတ်မိနေပါသည်။မေလှမြိုင်၊ မာမာအေး၊ တင်တင်မြ၊ ချစ်စပယ်စသောအစ်မကြီးများသည်အမည်ရှေ့တွင်ဒေါ်မတတ်ဘဲအသံလွှင့်ခဲ့သည်များကိုမှတ်မိနေပါသည်။သည်အချိန်များကိုပြန်တွေးလျှင်မြန်မာစာ၊ မြန်မာမှုနှင့်ပတ်သက်ပါက ယခုခေတ်သည်ငရဲနှင့်တူနေပြီးအတိတ်ကာလထိုအချိန်များကားနတ်ဘုံနတ်နန်းဟုပင်တင်စားရမည်ထင်ပါသည်။သည်တုန်းက ရေဒီယိုအဆိုတော်များလည်းဖြစ်အစီအစဉ်ကြေညာသူများလည်းဖြစ်ကြသည့်အစ်မကြီးမာမာအေး၊ တင်တင်မြ၊ ချစ်စပယ်တို့သည်သတင်းများကိုမြန်မာသံအမှားများဖြင့်ဖတ်ကြားနေကြသည်။ရေးတော့အမှန်ဖတ်တော့အသံကိုနားမလည်ကြလွဲနေကြသည်ဟုမည်သူကမျှထောက်ပြဝေဖန်ပြခြင်းအလျဉ်းမရှိခဲ့ပါ။


ထိုစဉ်က မနက်လင်းလျှင်ရောက်လာသည့်သတင်းစာများကားကြေးမုံ၊ ဘိုတထောင်နှင့်လုပ်သားပြည်သူ့နေ့စဉ်။မည်သည့်သတင်းစာကိုပဲဖတ်ဖတ်တစ်ကြိမ်ဖတ်ရုံဖြင့်သတင်းစာကပေးသည့်သတင်းကိုချောမောစွာနားလည်ပါသည်။ဘာဆိုလိုပါလိမ့်ဟုနှစ်ခါပြန်ဖတ်ခဲ့ရသည့်သတင်းစာဟူ၍ မရှိခဲ့ပေ။၁၉၆၂ နောက်ပိုင်း၁၉၆၄ ခန့်ဟုထင်ပါသည်။ထိုအချိန်မှစ၍ သတင်းစာရေဒီယိုအစီအစဉ်ကြေညာသူများ၊ သတင်းဖတ်ကြားသူများက မြန်မာဘာသာစကားက နှင့်မှအမှားသုံးလာကြပါသည်။ဤသို့က နှင့်မှမှားသုံးသည်ကိုအမေလူထုဒေါ်အမာက ဆောင်းပါးရေးသားထောက်ပြခဲ့ပါသည်။ထို့နောက်အားနှင့်ကိုနေရာမှားသုံးနေပုံများကိုထောက်ပြခဲ့ပါသည်။သို့သော်သတင်းစာရေဒီယိုများသည်ဥက္ကဌကြီးမှမိန့်ခွန်းပြောကြားပါတော့မည်ဆိုသောမြန်မာသဒ္ဒါအမှားကိုဦးနေဝင်းအလွန်နဝတ နအဖ ခေတ်ထိဆက်လက်ပြောဆိုသုံးစွဲခဲ့ကြပါသည်။နောင်သော်ဆရာမောင်ခင်မင်(ဓနုဖြူ) အပါအဝင်မြန်မာစာဆရာအတော်များများနှင့်စာရေးဆရာတချို့က မှနှင့်က အမှား၊ အားနှင့်ကိုအမှားကိုထပ်ခါတလဲလဲထောက်ပြလာကြပါသည်။သို့ဖြင့်မှနှင့်က ကိုနေရာအတော်များများတွင်မှန်ကန်စွာသုံးလာကြပြီဖြစ်သော်လည်းလုံးဝအမှားကင်းစင်သည့်အနေအထားသို့မရောက်သေးပါ။ရံဖန်ရံခါတက္ကသိုလ်များတွင်ကျင်းပသည့်ပွဲတချို့၌ ပါမောက္ခချုပ်မှအဖွင့်အမှာစကားပြောကြားပါတော့မည်ဆိုသောမြန်မာသဒ္ဒါအမှားကိုကြားနေရဆဲဖြစ်ပါသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှအစီအစဉ်ကြေညာသူများမြန်မာသဒ္ဒါအမှားများပြော၊ အသံထွက်များလွဲချော်၊ ဌာန်ကရိုဏ်းမကျပုံများကိုဆရာမောင်ခင်မင်(ဓနုဖြူ)၊ ဆရာမောင်သာနိုးတို့က ရေးသားထောက်ပြကြပါသည်။သို့သော်ယနေ့ထိမပြင်ကြပါ။မကြာခဏ ကြားရသည့်ကဏ္ဍဆိုလျှင်အသံထွက်ကိုဂန်တဟုထွက်ရမည့်အစားသတင်းကြေညာသူများခမျာကန်တဟုကြိုးစားထွက်ဆိုကြပါသည်။ထို့ပြင်သတင်းကိုစကားပြောနှင့်စာပြောရောပြီးကြေညာကြပါသည်။နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားပြီးကလေးငယ်များနဲ့စကားစမြီပြောဆိုပါသည်ပြောရမည့်အစားဒေါ်အောင်ဆန်းစုကြည်အဖွင့်အမှာစကားပြောကာထို့နောက်ကလေးငယ်များနှင့်စကားစမြီပြောပါတယ်ပြီးသုံးရမည့်နေရာတွင်ကာကိုအစီအစဉ်ကြေညာသူအားလုံးနီးပါးမှားယွင်းပြောဆိုနေကြသည်ကိုနေ့စဉ်ကြားနေရပါသည်။


မှနှင့်က ကိုရံဖန်ရံခါအသုံးမှန်သော်လည်းမှားသည့်အခါများမနည်းပါ။၁၉၆၄ ဝန်းကျင်မှယနေ့၂၀၁၉ ထိတွက်ကြည့်ပါက နှစ်ပေါင်း၅၅ နှစ်တိုင်တိုင်မြန်မာစာအပြောမှားအရေးမှားများကိုပညာရှင်များနှင့်စာရေးဆရာများက မည်သို့ထောက်ပြစေကာမူ၊ မည်သည့်အစီအစဉ်ကြေညာသူသတင်းကြေညာသူကမျှမပြင်ကြခြင်းသည်သူတို့ဘာစာမှမဖတ်၍လား။အပေါ်ကရေးပေးသည့်စာရွက်တွင်ပါသည့်အတိုင်းဖတ်ရသဖြင့်အမှားတူနေကြခြင်းလားဟုမကြာခဏတွေးမိပါသည်။



ထို့ပြင်၁၉၈၈ နောက်ပိုင်းမှစ၍ မြန်မာစာနှင့်အင်္ဂလိပ်စာများရောထွေးရေးသားမှုများပြားလာပါသည်။အသံဖလှယ်ပဲမြန်မာစာကြားတွင်အင်္ဂလိပ်စာများကိုရောရေးကြပါသည်။အခမ်းအနားနဖူးစည်းများကိုလည်းဘိုလိုရေးသားမှုများပြားလာပါသည်။အခြေခံဥပဒေအရ တရားဝင်ရုံးသုံးစာသည်မြန်ာမာစာဟုဆိုသော်လည်းတဖြေးဖြေးမြန်မာစာလူရာမဝင်ဖြစ်လာပါသည်။ဟိုစကားဝိုင်းဒီစကားဝိုင်းများပေါများလာပေရာပါဝင်ပြောဆိုသူများသည်မြို့နေပညာတတ်လူတန်းစားတစ်ခုသာသူတို့စကားဝိုင်းကိုစောင့်ကြည့်နားထောင်သည်ဟုယူဆလေသလားမသိ။အင်စတီကျူးရှင်း၊အဝဲလ်နက်စ်၊ အောအင်ကလုစစ်စသောစကားများကိုလှိုင်လှိုင်သုံးကြပါသည်။အာဏာရှင်အစိုးရ ခေတ်အဆက်ဆက်ကိုဖယ်ထားပြီးပြည်သူ့အစိုးရဆိုသောလက်ရှိအစိုးရခေတ်မှာပင်နိုင်ငံတကာအခမ်းအနားများတွင်နဖူးစည်းများကိုများသောအားဖြင့်ဘိုလိုရေးကြသည်။၂ ဘာသာတွဲရေးပါကလည်းမိခင်ဘာသာစကားက အောက်က၊ ဘိုစာက အပေါ်မှနေရာယူထားသည်။


၇.၅.၂၀၁၉ ရက်နေ့က နေပြည်တော်တွင်ကျင်းပသွားသည့်ဘာသာရေးပွဲ၌ “မြန်မာနိုင်ငံတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက်ဘာသာပေါင်းစုံငြိမ်းချမ်းရေး( ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ အကြံပြုဆွေးနွေးပွဲ” ဆိုသောမြန်မာဘာသာက အောက်က အင်္ဂလိပ်ဘာသာက အပေါ်က။မကြာမီက ကျင်းပပြီးစီးသွားသည့်တရုတ်ပိုးလမ်းမ အစည်းအဝေးတွင်တရုတ်စာပြူးပြူးကြီးတွေက အပေါ်မှနေရာယူထားပြီးအောက်တွင်အင်္ဂလိပ်စာလုံးခပ်ငယ်ငယ်ဖြင့်နဖူးစည်းကိုရေးသားသည်။တရုတ်ပိုးလမ်းမပွဲသို့ကမ္ဘာ့နိုင်ငံအများအပြားတက်ရောက်စေကာမူတရုတ်စာသည်အမြဲအပေါ်မှနေရာယူထားမြဲသာမြင်တွေ့ရပါသည်။


ထို့အတူ၂ ရက်တာကျင်းပသွားသည့်ရခိုင်အရေးဆွေးနွေးပွဲတွင်မူခေါင်းစည်းကိုဘိုလိုသက်သက်ရေးသားထားသည်။နေရာစွန့်ခွာပြေးနေရသည့်ဒေသခံရခိုင်အများစုက အေဆိုလျှင်လှည်းထောက်သည့်ဒေါက်လားဟုမေးမည့်သူချည်းသာ။သူတို့ခမျာသူတို့ပြည်နယ်အရေးဆွေးနွေးနေသည့်ခေါင်းစဉ်ကိုမျှဖတ်မရကြသည့်အဖြစ်။ပြည်သူအများနှင့်ဆိုင်သောပွဲများအခမ်းအနားများကိုဘာကြောင့်မိခင်ဘာသာစကားဖြင့်မရေးသားနိုင်ကြပါသလဲပညာရှင်ကြီးများဟုမေးမြန်းရမည့်အခြေပါပေ။


အင်အယ်လ်ဒီအစိုးရ တက်လာကတည်းက သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံက အစ၊ ဝန်ကြီးဝန်လေးများ၊ ညွှန်ချုပ်များတရွှတ်ရွှတ်တရုတ်ပြည်သို့သွားကြသည်။တရုတ်တွင်မည်သည့်အခမ်းအနားဖြစ်စေနဖူးစည်းစာတန်းကိုအပေါ်က တရုတ်စာဖြင့်ခပ်ကြီးကြီးရေးပြီးအောက်တွင်ဘိုလိုရေးသော်လည်းဘိုစာလုံးကိုသေးထားသည်။ရွယ်တူပင်မရေး။ မြန်မာခေါင်းဆောင်များထဲက ဘယ်သူကများတရုတ်တို့၏ သူတို့ဘာသာစကားရှေ့တန်းတင်ပုံကိုအတုခိုးကာမြန်မာတွင်ကျင်းပသည့်အခမ်းအနားများ၏ နဖူးစည်းစာများ၊ ရုပ်သံလိုင်းများမှဘိုနာမည်အစီအစဉ်များကိုပြုပြင်ပေးလေမည်နည်းမျှော်ကိုးခဲ့ဖူးပါသည်။ယခုလက်ကျန်သက်တမ်းတစ်နှစ်ခွဲကျော်သာကျန်ပါတော့သည်။ပြည်သူတင်သည်ဆိုသောအစိုးရသည်လည်းမြန်မာဘာသာစကားအပေါ်အလေးမထားပုံမှာရှေ့အဆက်ဆက်အာဏာရှင်အစိုးရများနည်းတူထိုနည်းလည်းကောင်းသာဖြစ်ပါကြောင်းသိရှိလာပါသည်။


အစိုးရထုတ်သတင်းစာများ၊ ပုဂ္ဂလိက သတင်းစာများသည်ဝါကျမှားများ၊ ဖတ်၍နားမလည်သောဝါကျများမကြာခဏဖော်ပြကြသည်။အယ်ဒီတာများသတင်းစာသုံးမြန်မာစာမတတ်ကြကြောင်းထင်ရှားနေသည်။သည်တော့အဓိပ္ပာယ်ဖော်ယူရသည့်ဝါကျများ၊ ဘာမှန်းမသိသည့်သတင်းခေါင်းစဉ်များ၊ သတင်းဖော်ပြချက်များကိုစာဖတ်ပရိသတ်က ဖေ့စ်ဘုတ်ပေါ်တွင်မကြာခဏထောက်ပြကြပါသည်။အဆိုပါသတင်းစာဂျာနယ်များမှတာဝန်ရှိသူအကြီးဆုံးကစ၍ အောက်ဆုံးတိုင်တုတ်တုတ်မလှုပ်ကြပါ။မပြုပြင်ကြပါ။မကြာမီရက်ပိုင်းက မြန်မာ့အသံမှပြောဆိုကြေညာသူတစ်ဦးက သခင်ဘသောင်းရေးသည့်ပန်းသာမစာဥကိုပန်းသည်မစာဥလို့ပြောသွားကြောင်းတစ်ယောက်က ဖေ့စ်ဘုတ်ပေါ်တင်ပါသည်။ဤကားရုပ်သံဝန်ထမ်း၏မြန်မာစာပေဝမ်းစာဟောင်းလောင်းဖြစ်နေပုံကိုပြသလိုက်သည့်ပြကွက်ဖြစ်ပါသည်။မြန်မာ့အသံဝန်ထမ်းရွေးလျှင်မည်သည့်မေးခွန်းများမေး၍ မည်သို့ရွေးချယ်ကြသည်မသိပေ။


ပညာရေးဝန်ကြီးဌာနသည်လည်းမြန်မာဘာသာစကားနှင့်ပတ်သက်ပါက အံ့ဖွယ်သုတထဲ၌ ပါဝင်နေပါသည်။တက္ကသိုလ်အတွက်ထုတ်သည့်စာအုပ်တွင်မျက်နှာဖုံးပေါ်၌ပင်ပါဠိကိုပါဌိဟုရေးသားထားသည်များ၊ အခြေခံပညာသင်ရိုးဖတ်စာအုပ်များတွင်ပါနေသည့်မြန်မာစာအမှားများစသည်တို့ကိုဝက်ဝက်ကွဲထောက်ပြလာသည်မှာနှစ်ချီနေပြီဟုပင်ထင်ရပါသည်။အခြေခံပညာဦးစီးဌာနက ထုတ်သည့်ရုံးစာအမှား၊ အဆင့်မြင့်ပညာဦးစီးကထုတ်သည့်ရုံးစာအမှားများလည်းဖေ့စ်ဘုတ်ပေါ်မကြာခဏတင်ပေးပြီးထောက်ပြကြပါသည်။လူထုက မိခင်ဘာသာစကားနှင့်ပတ်သက်သည့်အမှားများကိုမည်သို့ပင်ထောက်ပြစေကာမူ၊ တာဝန်ရှိသည့်ဝန်ကြီးဌာနများမှတာဝန်အရှိဆုံးများရောအဆင့်ဆင့်တာဝန်ရှိသူများပါနားမပါမျက်စိမပါသကဲ့သို့တုန့်ပြန်မှုအလျဉ်းမရှိပါပေ။


ဆရာမောင်ခင်မင်( ဓနုဖြူ) သည်အပြောအဆိုစာအရေးအသားအလွန်ညင်သာသိမ်မွေ့သူဖြစ်ပါသည်။သည်လိုဆရာကြီးမျိုးပင်ဒေါသသံပါသည့်“ဦးဖေမောင်တင်ကျေးဇူးနှင့်မြန်မာစာကျေးဇူးကန်းအတွေး” (စောင့်ကြည့်ဂျာနယ်- ၄.၅.၂၀၁၉) ဆိုသောဆောင်းပါးမျိုးကိုရေးလာပါပြီ။မြန်မာမှုမြန်မာစာကိုအလွန်ချစ်မြတ်နိုးတန်ဖိုးထားသည့်အညာသားစာရေးဆရာကြီးအံ့မောင်ကလည်းစံတော်ချိန်သတင်းစာ(၇.၅.၂၀၁၉) နေ့ထုတ်တွင်“ရှေးစာတွေထဲမှာလည်းပညာတွေပါတယ်ဗျ” ဆိုသောဆောင်းပါးကိုရေးသားရှာပါသည်။နိုင်ငံခြားစာများမှဘာသာပြန်ထားသည်သာပညာမဟုတ်ကြောင်းဆရာကြီးက မြန်မာမှုမြန်မာ့ပညာများကိုထောက်ပြရှာပါသည်။


ဆရာမောင်ခင်မင်နှင့်ဆရာကြီးအံ့မောင်တို့ကဲ့သို့သက်ကြီးရွယ်ကြီးပညာရှင်ကြီးများမြန်မာစာမြန်မာမှုအတွက်သည်မျှသောကရောက်ရသည်မှာမြန်မာအများစုတွင်အမျိုးသားရေးစိတ်ဓာတ်များခေါင်းပါးလာ၍ ဖြစ်ပါသည်။၁၉၆၄ မှ၂၀၁၉ ထိတိုင်တဖြည်းဖြည်းလူရာမဝင်ဖြစ်လာသောမိခင်ဘာသာစကားကိုပြန်ငဲ့ကြည့်ကြပါဦးရင်ကွဲမတတ်ပြောနေရေးနေသည့်သက်ကြီးရွယ်အိုပညာရှင်များကိုအလေးမထား။မိခင်ဘာသာစကား၏တန်ဖိုးကိုမြှင့်တင်ရမှန်းကောင်းလည်းနားမလည်။ကြိုတင်စီစဉ်ပွဲတွေမကျင်းပဘဲသတ္တိရှိသူမည်သူမဆိုတက္ကသိုလ်ပရဝဏ်တစ်ခုခုထဲဝင်လာပြီးယနေ့ခေတ်အစိုးရကျောင်းမှဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်နေသူကျောင်းသား၊ ကျောင်းသူများနှင့်စကားစမြီပြောကြည့်ပါ။မြန်မာစာလည်းမတတ်။အင်္ဂလိပ်စာလည်းညံ့ဆိုသောအဖြေမှန်ကိုမယုံနိုင်စဖွယ်တွေ့ရပါလိမ့်မည်။


အင်္ဂလိပ်လက်အောက်ကျရောက်နေစဉ်ရန်ကုန်တက္ကသိုလ်တွင်မြန်မာစာဌာနမပါဘဲ၊ ပါဠိဌာနသာရှိခဲ့သည့်အခြေအနေမှမြန်မာစာဌာန ဖွင့်နိုင်ရေးကြိုးပမ်းခဲ့သည့်ဆရာကြီးဦးဖေမောင်တင်လိုပုဂ္ဂိုလ်ကြီးမျိုးကိုပင်ကြေးတိုက်သူမြန်မာစာဆရာ၊ ဆရာမများရှိသည်ဟုဆရာမောင်ခင်မင်ရေးသားပြသည်မှာအလွန်ဝမ်းနည်းဖွယ်ကောင်းလှပါသည်။

နိုင်ငံတကာသို့မျက်စိဖွင့်ကြည့်ပါက တရုတ်၊ ထိုင်း၊ ဂျပန်၊ မလေး၊ အင်ဒိုစသောနိုင်ငံများမိခင်ဘာသာစကားနှင့်ယဉ်ကျေးမှုများကိုတစ်ဘက်တွင်ထိန်းသိမ်းထားပြီးတစ်ဘက်တွင်ခေတ်ပညာများကိုအဆင့်မြင့်မြင့်သင်ယူသင်ပေးနေကြပါသည်။နိုင်ငံခြားသားဧည့်ပါမောက္ခများခြေချင်းလိမ်နေသည့်ဇင်းမယ်တက္ကသိုလ်တွင်ထုတ်ပြန်သမျှစာအားလုံးထိုင်းဘာသာဖြင့်သာရေးသားသည်ကို၁၉၉၃ တွင်မြင်တွေ့ခဲ့ရပါသည်။ရန်ကုန်တက္ကသိုလ်ထက်သက်တမ်းရင့်သောယူနန်တက္ကသိုလ်တွင်အင်္ဂလိပ်ဘာသာမှလွဲ၍ ကျန်ဘာသာရပ်အားလုံးတရုတ်ဘာသာဖြင့်သင်ပေးပါသည်။၂၀၁၇ တရုတ်သို့သွားရောက်ခဲ့စဉ်က တရုတ်စာကိုဦးစွာသင်ယူနေရသည့်မြန်မာကျောင်းသားများကိုယူနန်တက္ကသိုလ်တွင်တွေ့ခဲ့ရပါသည်။သက်တမ်းကြာမြင့်လှပြီဖြစ်သည့်ထိုင်းနိုင်ငံမှမဟီဒိုဆေးတက္ကသိုလ်အမည်ကိုထိုင်းဘာသာတစ်မျိုးတည်းဖြင့်သာအဝင်အဝတွင်ရေးသားထားပါသည်။


တစ်လ သိန်းပေါင်းများစွာပေး၍ နိုင်ငံခြားမှလာဖွင့်ထားသောကျောင်းများတွင်တက်ရောက်နေသည့်ကျောင်းသား၊ ကျောင်းသူများသည်အင်္ဂလိပ်စာတော်ကြပါသည်။သို့သော်မြန်မာစာမတတ်တတတ်အနေအထားဖြစ်နေကြပါသည်။အစိုးရကျောင်းထွက်ကျောင်းသားအများစုကားအင်္ဂလိပ်လိုလည်းမတော်မြန်မာလိုလည်းညံ့ကြပါသည်။အမျိုးသားပညာရေးကော်မတီသည်မြန်မာကျောင်းသားအများစုအခြေအနေမှန်နှင့်တက္ကသိုလ်တွင်အင်္ဂလိပ်လိုသင်ရ၍ နားမလည်သောကြောင့်အလွတ်ကျက်ဖြေနေကြသည်ဆိုသောအဖြစ်မှန်များကိုသိကြပါရဲ့လား။ပညာရှင်တွေဘာပြောပြောနားမပါမျက်စိမပါသကဲ့သို့တုတ်တုတ်မလှုပ်ကြခြင်းကလည်းအံ့တစ်ပါးပါပေ။သို့သော်မြန်မာစာမြန်မာမှုကားရေတိမ်နစ်နေလေပြီ။


ခင်နှင်းဦးမေ- ၉

Comments