ပုရပိုက်
ပုရပိုက်ဆိုသည်မှာ စာရေးရန် အသုံးပြုသည့် စက္ကူခေါက်ကြီး ဖြစ်ပါသည်။ စက္ကူမှာ သစ်ခေါက်၊ ဝါး၊ ကောက် ရိုး စသည်ဖြင့် ပြုလုပ်ထားသော လက်လုပ်စက္ကူဖြစ်သည်။ ယင်းစက္ကူထူကြီးကို ဘယ်ပြန် ညာပြန် ခေါက်ထားသဖြင့် ဘာဂျာကဲ့သို့ ဆွဲဆန့်ပြီး ဖတ်ရသည်။ ပုရပိုက်ကို ဘယ်ပြန် ညာပြန် အခေါက်လိုက် ကိုင်ထားလျှင် များသောအားဖြင့် အရှည် ၁၈ လက်မခန့်ရှိ၍ အနံ ၈ လက်မခန့် ရှိပါသည်။ ဆွဲဆန့်လျှင် ၈ ပေခန့် အထိရှိသည်။
ပုရပိုက်ကို စက္ကူအပြင် ရွှေ၊ ငွေ၊ ကြေးနီ၊ သားရေ စသည်တို့ဖြင့်လည်း ပြုလုပ်လေ့ ရှိသည်။ ပုရပိုက်သည် ပေ ရွက်နှင့်အတူ ပျူခေတ်၊ ပုဂံခေတ်ကတည်းက အသုံးပြုခဲ့သည့် စာရေးကိရိယာ ဖြစ်ပါသည်။ အများသုံး ပုရပိုက်မှာ စက္ကူ ပုရပိုက်ဖြစ်ပါသည်။
ပုရပိုက်နှစ်မျိုး
ပုရပိုက်ကို ပုရပိုက်ဖြူနှင့် ပုရပိုက်နက်ဟု နှစ်မျိုးခွဲခြားထားသည်။ ထိုနှစ်မျိုးတွင် ပုရပိုက်နက်ကို အသုံးများပါသည်။ အဘယ့်ကြောင့်ဆိုသော ပုရပိုက်နက်သည် စာရေးသားသည့်အခါ ဖျက်လို့ ပြင်လို့ လွယ်သောကြောင့် ဖြစ်ပါသည်။ သို့သော်တာရှည်မခံပါ။ ပုရပိုက်ဖြူကတော့ တာရှည်ခံပါသည်။
ပုရပိုက်နက်ကို အောက်ပါအတိုင်း အမျိုးအစား ထပ်မံခွဲခြားထားပါသည်။
(၁) ရှမ်းပုရပိုက်
ရှမ်းပြည်မှ ထွက်သော ရှမ်းစက္ကူဖြင့် ပြုလုပ်ထားသောကြောင့် ရှမ်းပုရပိုက်ဟု ခေါ်ခြင်းဖြစ်သည်။ တာရှည်ခံ သော အမျိုးအစားဖြစ်သည်။
(၂) သရက်ချဉ် ပုရပိုက်
သရက်ချဉ်ခေါ်သော သစ်သားဖြင့် ပြုလုပ်သောကြောင့် သရက်ချဉ် ပုရပိုက်ဟု ခေါ်ပါသည်။ ရှမ်းပုရပိုက် လောက်မခိုင်သော်လည်း အခြားပုရပိုက်များထက် ပိုပြီးတာရှည်ခံသည်။
(၃) ရှာထိုး(လျှာထိုး) ပုရပိုက်
ဝါးဖြင့်လုပ်သော ပုရပိုက်တစ်မျိုးဖြစ်ပြီး ရိုးရိုးဝါးပုရပိုက်ထက် ပိုခိုင်ခန့်သည်။ ပို၍ချောသည်။ ချောမွတ်အောင် ခုံညင်းနှင့် တိုက်၍ မျက်နှာဖုံးအလွှာနှစ်ထပ်ကို သပ်သပ်ယပ်ယပ်လုပ်ကာ အလယ်က အကြောင်းလေးခံ၍ ပြုလုပ်ထား သောပုရပိုက် ဖြစ်သည်။
(၄) ဝါးပုရပိုက်
ဝါးရိုးရိုးဖြင့် ပြုလုပ်ထားသော ပုရပိုက်ဖြစ်သည်။ လက်ခံစာအကြမ်းရေးရန် အသုံးပြုသည်။
ပုရပိုက်တွင် စာရေးပုံ
စာရေးသောအခါ ပုရပိုက်ကို ချောမွတ်နေအောင် ခုံညင်းဖြင့်တိုက်ပြီး ပုရပိုက်ဖြူဖြစ်လျှင် အဖြူရောင်မှတစ်ပါး အနက်၊ အနီ၊ အဝါ၊ အပြာ စသော ဆေးများ၊ ရွှေမင်၊ ငွေမင်များဖြင့် ရေးလေ့ရှိသည်။ စုတ်တံဖြင့်ရေးသည်။ ပုရပိုက်နက် ဖြစ်လျှင် ကံ့ကူဆံဖြင့် ရေးသည်။
ပုရပိုက်များတွင် ပေကဲ့သို့ ကျမ်းတစ်စောင်တစ်ဖွဲ့ ရေးသားခြင်းနည်းသည်။ များသောအားဖြင့် မြန်မာမင်း လက်ထက်က အုပ်ချုပ်ပုံများ၊ မြို့ရွာစစ်တမ်းများ၊ အခွန်တော်ကောက်ခံခြင်းများ၊ အမိန့်တော်များ၊ ရုံးတော်နှင့် စပ်ဆိုင် သော ကိစ္စများကို ရေးသားလေ့ရှိသည်။ အလှူမှတ်တမ်းများ၊ ဇာတ်သဘင်များတွင် အသုံးပြုသော ဇာတ်ချင်းများ၊ မေတ္တာစာများ၊ ရတုများ ကိုလည်း ပုရပိုက်ဖြင့် ရေးသား မှတ်တမ်းတင်လေ့ရှိသည်။ မှတ်စုသဘောဖြင့်အကြောင်းအရာ မျိုးစုံကို လည်းရေးသားလေ့ရှိသည်။ ရှေးခေတ် စာသင်ကြားရာတွင် စာသင်သားတို့သည် ပုရပိုက်ပေါ်တွင် ရေးမှတ်ကြ သည်ဟု ယူဆရပါသည်။
ရှေးအခါက ကျမ်းပြုသော ပုဂ္ဂိုလ်များသည် ရှေးဦးစွာ ပုရပိုက်တွင် အကြမ်းရေးပြီးမှ ပေ ချပ်များသို့ ပြန်ကူးကြ ပါသည်။ ဤသည်ကိုပင် ပေထက်အက္ခရာတင်သည်ဟု ဆိုခြင်းဖြစ်ပါ သည်။ ပုရပိုက်တစ်မျက်နှာတွင် စာကြောင်း ၁၂ ကြောင်း ရေးလေ့ ရှိပါသည်။
ပုရပိုက် ပန်းချီ
ပုရပိုက်တွင် စာရေးရုံသာမက ပန်းချီပုံများလည်း ရေးဆွဲလေ့ရှိရာ ရှေးခေတ်ကရေးဆွဲခဲ့သော ပုရပိုက်ပန်းချီ များသည် သမိုင်းကြောင်းအချို့ကို ဖော်ပြနေသော ရုပ်ပြများဖြစ်သောကြောင့် သမိုင်းဆိုင်ရာ တန်ဖိုးရှိလှပါသည်။ ရာဇ ဇာတ်တော်ကို ပုရပိုက်ပန်းချီအဖြစ် ရေးဆွဲထားသော ရှေးဟောင်း ပုရပိုက်တစ်ဆူလည်း ရှိပါသည်။ ပုရ ပိုက်ပန်းချီများ သည် ရောင်စုံဖြင့် ရေးဆွဲလေ့ရှိသဖြင့် သမိုင်းအတွက်သာမက အနုပညာတန်ဖိုးအားဖြင့်လည်း ပြည့်စုံစေပါသည်။
ပုရပိုက်တွင် အလွှာအထပ် အရေအတွက် အမျိုးမျိုးကို လိုက်၍ အခေါ်ဝေါ်အမျိုးမျိုးရှိပါသည်။
လွှာချင်း သို့မဟုတ် တစ်ရေစီး
လွှာချင်းဆိုသည်မှာ အလွှာတစ်လွှာတည်းသာရှိသော ပုရပိုက်ကို ခေါ်ပါသည်။ တစ်ရေစီးဟုလည်း ခေါ်သည်။
နှစ်ရေစီး
နှစ်ရေစီးဆိုသည်မှာ လွှာချင်းကဲ့သို့ အလွှာနှစ်လွှာပါသော ပုရပိုက်ကို ခေါ်သည်။ အစီရင်ခံချက်များကို ရေးသားရာတွင် အသုံးပြုသည်။
လွှာထပ်ကလေး
သုံးရေးစီးမှ ငါးရေစီးအထိပါသော ပုရပိုက်ကို လွှာထပ်ကလေးဟု ခေါ်သည်။ အဆိုလွှာ အချေလွှာများကို ရေး သားရာတွင် အသုံးပြုသည်။
လွှာထပ်ကြီး
ခြောက်ရေစီးမှ ဆယ့်တစ်ရေစီးအထိပါသော ပုရပိုက်ကို လွှာထပ်ကြီးဟု ခေါ်သည်။
(၅) ဆူဝက်
၁၂ ရေစီးမှ ၁၆ ရေစီးအထိပါဝင်သော ပုရပိုက်ကို ဆူဝက်ဟု ခေါ်သည်။
(၆) တစ်ဆူ
တစ်ဆူဆိုသည်မှာ ၃၂ ရေစီးပါသော ပုရပိုက်ဖြစ်သည်။ ပေစာကို တစ်ထုပ်၊ စာအုပ်ကို တစ်အုပ် ခေါ်သကဲ့သို့ ပုရပိုက်ကို တစ်ဆူဟု ခေါ်သည်။
ထိန်းသိမ်းခြင်း
ပုရပိုက်များသည် ရှေးမြန်မာရာဇဝင်နှင့် သမိုင်းကြောင်းများကို ဖော်ပြမှတ်တမ်းတင်ခဲ့သော ပစ္စည်းဖြစ် သဖြင့် သမိုင်းဆိုင်ရာ တန်ဖိုးကြီးလှပါသည်။ ကုန်းဘောင်ခေတ်တွင် ဉရောပ နိုင်ငံသား များဖြင့် အပြန်အလှန်စာဖြင့် ဆက် သွယ်ရာတွင်လည်း ပုရပိုက်ကို အသုံးပြုခဲ့ကြပါသည်။ ထို့ကြောင့် ပုရပိုက်များကိုလည်း တတ်နိုင်သမျှ သေချာစွာ ထိန်း သိမ်းထားဖို့ လိုအပ်လှပါသည်။ အထူးသဖြင့် စက္ကူကို အခြေခံလုပ်သည့် ပုရပိုက်က အများစုဖြစ်သောကြောင့် ဆွေးမြေ့ ကာ ပျက်စီးနိုင်ပါသည်။ ထို့ကြောင့် ပုရပိုက်များကို ပိုးမစားအောင် အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကြည့်ရှု စစ်ဆေး သုတ်သင်ပေးဖို့ လိုအပ်ပါသည်။ ပိုးမွှားရန်မှ စိတ်ချရအောင် လုံခြုံသည့် ဗီရိုထဲတွင် ထည့်သွင်း ထိန်းသိမ်းထားနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
ယခု နည်းပညာခေတ်တွင်တော့ ပေ၊ ပုရပိုက်များတွင်ပါသော ပုံနှိပ်စာ အဆင့်မရောက်သေးသည့် သမိုင်းဆိုင် ရာစာများကို ကူးယူသိမ်းဆည်းထားသင့်ပါသည်။ သို့သော် ထိုသို့ကူးယူထိန်းသိမ်းခြင်းသည် အမျိုးသားစာကြည့်တိုက် ကဲ့သို့သော ဌာနများတွင် ဤသို့သော ပေ ပုရပိုက်စာများကို ပီဒီအက်ဖ် ဖိုင်များဖြင့် သေချာစွာ ကူးယူသိမ်းဆည်း ထား ပါသည်။ သို့သော် ရှေးဟောင်း ဘုန်းကြီးကျောင်းများမှ ပေ ပုရ ပိုက်များကိုမူ ခေတ်နှင့် အညီ မှတ်တမ်းတင်ကူးယူခြင်း မပြုလုပ်နိုင်ပါက ဆုံးရှုံးပျက်စီးသွားဖို့ အန္တရာယ်များလှပါသည်။
မြန်မာ့ ရှေးဟောင်း စာပေများကို ထိန်းသိမ်းစောင့် ရှောက်ဖို့ မြန်မာ တိုင်းရင်းသားအားလုံးတွင် တာဝန်ရှိပါသည် ဟုသာ အကြံပြုလိုပါသည်။ မိမိတို့ ထံတွင်ရှိသော ပေ ပုရပိုက်များကို ထိန်းသိမ်းဖို့ အခက်အခဲရှိလျှင် နီးစပ်ရာ ယဉ် ကျေးမှု ပြတိုက်များ၊ စာကြည့်တိုက်များနှင့် အမျိုးသား စာကြည့်တိုက်တို့တွင် လှူဒါန်းအပ်နှံသင့်ပါသည်။
(ပုံ(၁) ပုရပိုက်ခေါက်ပုံ,
ပုံ(၂), (၃) ပုရပိုက်ဖုံးနှင့် ပုရပိုက်စာ,
ပုံ (၄), (၅) ပုရပိုက်ပန်းချီ )
ခင်မောင်တင့်(ကလော)
၂၀၂၁ ခု၊ စက်တင်ဘာလ(၂၃) ရက်
Comments
Post a Comment