ဂျွန်အိုကယ် - နှစ် ၆၀ ကျော်မြန်မာစာ သင်ပေးသွားခဲ့သူ

ဘိုဘို

  • ဘီဘီစီ မြန်မာပိုင်း
ဂျွန်အိုကယ်

ဓာတ်ပုံ ရင်းမြစ်,SOAS FACEBOOK/SOPHIE BAKER

ဓာတ်ပုံ ပုံစာ,

ဂျွန်အိုကယ်

လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂျွန်အိုကယ်ဟာ သြဂုတ်လ (၃) ရက်က လန်ဒန်မြို့မှာ ကွယ်လွန်သွားပါတယ်။ သူ့ကို မြန်မာအမည် ဦးလှသိန်း၊ ကိုအုတ်ခဲ စတဲ့နာမည်တွေနဲ့လည်း သိကြပါတယ်။

ဂျွန်အိုကယ်ဟာ အသက် (၈၆) နှစ် အရွယ် မကွယ်လွန်ခင် တလလောက်အထိ ကျောင်းသားတွေကို မြန်မာစာ သင်ကြားပေးသွားခဲ့ပါတယ်။ ၁၉၅၉ မှာ ဘာသာဗေဒ လက်ထောက်ကထိက အဖြစ် ထမ်းဆောင်ချိန်ကနေ ဝါရင့်ကထိကအဖြစ် ပင်စင်ယူတဲ့ ၁၉၉၉ နောက်ပိုင်းအထိ ဆက်သင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်က ရွှေဘိုသို့

အင်္ဂလန်တောင်ပိုင်းက ဘရိုက်တန် ကမ်းခြေမြို့မှာ ၁၉၃၄ က မွေးခဲ့တဲ့ ဂျွန်အိုကယ်ဟာ အောက်စဖို့ဒ်တက္ကသိုလ် ဘုရင်မကောလိပ်မှာ ရောမနဲ့ ဂရိ ဂန္ထဝင်စာပေတွေ သင်ကြားခဲ့ပါတယ်။

အဲဒီနောက် ၁၉၅၉ မှာ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိကပညာရပ်များကျောင်းက မြန်မာစာ ပါမောက္ခ ဒေါက်တာလှဘေဆီမှာ မြန်မာစာ ကို တနှစ်ခွဲ သင်ယူခဲ့ပါတယ်။

၁၉၆ဝ မှာတော့ ဂျွန်အိုကယ် မြန်မာပြည်ကို လာပြီး မြန်မာစာနဲ့ ယဉ်ကျေးမှုတွေ ဆက်လက်ဆည်းပူးခဲ့ပါတယ်။ အဲဒီခေတ်က ရန်ကုန်မြို့မှာ သူမြန်မာလို ပြောဖို့ကြိုးစားတိုင်း လူတွေက အင်္ဂလိပ်လိုပဲ ပြန်ပြောကြလို့ အထက်ပိုင်းမှာ သွားသင် ရတယ်ဆိုပြီး ဂျွန်အိုကယ်က သူ့ရဲ့ မြန်မာစာသင်ခရီးကို ၂ဝဝ၆ က မြန်မာလေ့လာရေး ဘူလက်တင် စာစောင်မှာ ပြန်ပြောင်း ရေးပြခဲ့ပါတယ်။

မန္တလေးတက္ကသိုလ်ရောက် ဂျွန်အိုကယ်နဲ့ မြန်မာစာကထိက ဦးမောင်မောင်တင်၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း

ဓာတ်ပုံ ရင်းမြစ်,LUDU ARCHIVE

ဓာတ်ပုံ ပုံစာ,

မန္တလေးတက္ကသိုလ်ရောက် ဂျွန်အိုကယ်နဲ့ မြန်မာစာကထိက ဦးမောင်မောင်တင်၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း

အမရပူရက ရက်ကန်းသမားတွေနဲ့ ရွှေဘိုကျေးလက်က လယ်သမားတွေ၊ ကချင်ပြည်နယ်ကို တက်ကတဲ့ မြန်မာဇာတ်အဖွဲ့ စတဲ့ မြန်မာစကားပဲ ပြောတဲ့ သူတွေကြား နေရာတွေမှာ သွားရောက်သင်ယူတာပါ။ ဇာတ်အဖွဲ့က ရှေ့ပိုင်းပြဇာတ်တွေ မှာလည်း သူပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီခရီးမှာ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒေါက်တာသာလှ၊ ဒေါက်တာညီညီစတဲ့ မြန်မာပညာရှင်တွေအပြင် တင်မိုး၊ မောင်စွမ်းရည် စတဲ့ မန္တလေးတက္ကသိုလ်ထွက် လူငယ် စာရေးဆရာတွေနဲ့လည်း ဂျွန်အိုကယ် ခင်မင်ခဲ့ပါတယ်။ ခုလို ဂျွန်အိုကယ် ဆုံးသွားတဲ့အတွက် "မန္တလေးစာပေလူငယ်တွေရဲ့ ရန်ကုန်ဆုံရပ် ဘီအိုစီကောလိပ် ၊ စနေစကားဝိုင်းမှာ အင်္ဂလိပ် လူမျိုး ဂျွန်အိုကယ် လာတတ်တယ်၊ သူ့နာမည် ကိုလှသိန်းလို့ မခေါ်ဘဲ ကိုအုတ်ခဲ ခေါ်ကြတယ်၊ သူက ကိုသာနိုးကို အင်္ဂလိပ်ပညာရှိလို့ခေါ်ပြီး ကျွန်တော်တို့က သူ့ကို မြန်မာပညာရှိလို့ ခေါ်ကြတယ်၊ မြန်မာစာ မြန်မာစကားကို မြန်မာပညာရှိ ခေါ်လောက်အောင် လေ့လာသူ ခုလို ဆုံးသွားတော့ အထူးနှမြောမိပါတယ်" လို့ နယူးယော့က စာရေးဆရာ ကဗျာဆရာကြီး မောင်စွမ်းရည်က ပြောပါတယ်။

၁၉၆၉ မှာလည်း မြန်မာပြည်လာပြီး မြန်မာစာကို တနှစ် သင်ကြားခဲ့ပါတယ်။ မန္တလေး မစိုးရိမ်ကျောင်းနဲ့ မဟာဂန္ဓာရုံကျောင်းတွေမှာလည်း သူသွားလေ့လာခဲ့တဲ့အတွက် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ နံနက်ခင်းသြဝါဒ တပုဒ်မှာ (၆.၃.၆၉) လန်ဒန် တက္ကသိုလ် ကထိက မစ္စတာဂျွန်အိုကယ် လာသောနေ့ ပေးသောသြဝါဒလို့ ပါရှိပါတယ်။

ဂျွန်အိုကယ်ဟာ ကချင်ပြည်နယ်က မြန်မာအနွယ် မရူစကားကိုလည်း မန္တလေး ဆရာအတတ်သင် ကျောင်းက မရူဆရာ တယောက်ဆီမှာ သင်ခဲ့ပါတယ်။ ဒီလေ့လာချက် ကနေ မရူကြိယာရဲ့ အသံအနိမ့်အမြင့် လေ့လာချက် စာတမ်း (၁၉၈၈) ပေါ်ထွက်ခဲ့ပါတယ်။

မြန်မာစာသင်နည်းနဲ့ အညွှန်းသဒ္ဒါ

ဂျွန်အိုကယ် ရေးသားခဲ့တဲ့ စာအုပ်တွေ
ဓာတ်ပုံ ပုံစာ,

ဂျွန်အိုကယ် ရေးသားခဲ့တဲ့ စာအုပ်တွေ

ဂျွန်အိုကယ်ဟာ ဘာသာစကားပညာရပ်မှာ စိတ်ဝင်စားသူဖြစ်လို့ မြန်မာဘာသာနဲ့ ဆိုင်တဲ့ သုတေသနစာတမ်းတွေ ရေးသားခဲ့သလို မြန်မာစာသင်နည်းနဲ့ သင်ရိုးစာအုပ်တွေလည်း ရေးခဲ့ပါတယ်။

ဒီထဲက ၁၉၆၉ ခုနှစ်ထုတ် မြန်မာနှုတ်ပြောစကား အညွှန်းသဒ္ဒါစာအုပ်ပါ ဝါစင်္ဂခြောက်ပါး ခွဲနည်းဟာ မြန်မာပြည်က မြန်မာစာဌာနတွေအထိ သြဇာသက်ရောက်ခဲ့တဲ့ လေ့လာချက် ဖြစ်ပါတယ်။ ၁၉၇၁ ကထုတ်တဲ့ မြန်မာဘာသာကို ဥရောပဘာသာတွေနဲ့ အသံဖလှယ် ရေးသားနည်း စာအုပ်ကလည်း ခုချိန်ထိ လက်စွဲပြုရတဲ့ စာအုပ် ဖြစ်ပါတယ်။

အန်နာအဲလော့နဲ့ သူ ပူးတွဲရေးသားပြီး ၂ဝဝ၁ က ထုတ်တဲ့ မြန်မာသဒ္ဒါပုံစံများ အဘိဓာန် စာအုပ်ကလည်း ပညာရပ် လေ့လာသူတွေကြားမှာ ထင်ရှားပါတယ်။

ပထမဆင့်မြန်မာစာ (၁၉၈၉) ၊ မြန်မာ အပြောစကား၊ အရေးစကားနဲ့ စာမိတ်ဆက် (၁၉၉၅) ၊ မြန်မာစာကို နားနဲ့ သင်ကြားခြင်း (၂ဝဝ၂) စတဲ့ စာအုပ်တွေက နိုင်ငံတကာက မြန်မာဘာသာစကားသင်ယူသူတွေအတွက် ပြဋ္ဌာန်းစာအုပ်တွေ ဖြစ်ကြပါတယ်။

နောက် သူမြန်မာစာ သင်ယူပြီး အနှစ် ၆ဝ ကျော် သင်ကြားပို့ချခဲ့တဲ့ လန်ဒန်တက္ကသိုလ်ဟာ ဗြိတိန်ရဲ့ မြန်မာဘာသာ သင်တဲ့ အဓိကဌာနအဖြစ် ၁၉၁၇ ကတည်းက တည်ရှိခဲ့ပါတယ်။ အဲဒီတက္ကသိုလ်ကပဲ မြန်မာ-အင်္ဂလိပ်အဘိဓာန် တစောင် ပြုစုဖို့ ၁၉၃ဝ ကျော်ကတည်းက ကြိုးစားခဲ့ပါတယ်။

ဒီအဘိဓာန်ဟာ ပါမောက္ခ ဒေါက်တာ စတီးဝပ်ခေတ်ကနေ ဒေါက်တာလှဘေ လက်ထက်ထိ အပြီး မသတ်နိုင်ဘဲ အန်နာအဲလော့နဲ့ ဂျွန်အိုကယ်ခေတ် ၁၉၈ဝ အထိ ပြုစုခဲ့ရတာ ဖြစ်ပါတယ်။

ဘာသာစကားဘက် မဟုတ်ဘဲ မြန်မာ့မဟာဂီတကို မြန်မာဆရာတွေနဲ့ သင်ကြားနည်း အကြောင်းကိုလည်း ၁၉၆၄ က ဂျွန်အိုကယ် ရေးသားခဲ့ပါတယ်။

အိုကယ်ဖောင့်

Avalaser - အားဗားလေဆာဖောင့်နမူနာ

ဓာတ်ပုံ ရင်းမြစ်,LUDU ARCHIVE

ဓာတ်ပုံ ပုံစာ,

Avalaser - အားဗားလေဆာဖောင့်နမူနာ

သူ့ကို အားဗားလေဆာလို့ ခေါ်တဲ့ ကွန်ပျူတာသုံး မြန်မာစာဖောင့် တီထွင်သူအဖြစ်လည်း လူသိများပါတယ်။ သူတီထွင်တဲ့ ဖောင့်ကို မြန်မာပြည်မှာ လူထုစာအုပ်တိုက်က ၁၉၉ဝ မှာ စတင်သုံးစွဲကာ မြန်မာပြည်မှာ ဒုတိယမြောက် ကွန်ပျူတာ နဲ့ စာစီတဲ့ ကလေးလူကြီး ကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေးဝတ္ထုတိုများ စာအုပ်ကို ထုတ်ခဲ့ပါတယ်။

မြန်မာဖောင့်နဲ့ ကွန်ပျူတာကိစ္စ ဂျွန်အိုကယ်က လူထုဒေါ်အမာထံပေးစာ

ဓာတ်ပုံ ရင်းမြစ်,LUDU ARCHIVE

ဓာတ်ပုံ ပုံစာ,

မြန်မာဖောင့်နဲ့ ကွန်ပျူတာကိစ္စ ဂျွန်အိုကယ်က လူထုဒေါ်အမာထံပေးစာ

သူ့ရှေ့ကလည်း ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ ၁၉၈၅ က ဦးအောင်မြင့်ဆိုတဲ့ မြန်မာအစိုးရ ပညာရှင် တယောက်အကူအညီနဲ့ ရိုထရင်းကုမ္ပဏီက မြန်မာကွန်ပျူတာ ကီးဘုတ်ကို စတင် တီထွင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မြန်မာပြည် စာပေလောကမှာတော့ ဂျွန်အိုကယ်ရဲ့ ဖောင့်ကို လူသိများပါတယ်။

မကွယ်ပျောက်သွားနိုင်သူ

ဂျွန်အိုကယ်

ဓာတ်ပုံ ရင်းမြစ်,NORTHERN ILLINOIS UNIVERSITY

ဓာတ်ပုံ ပုံစာ,

လန်ဒန်တက္ကသိုလ်က မြန်မာစာဆရာများ

မြန်မာစာသင်ကြားရေးနဲ့ ဗြိတိသျှ-မြန်မာဆက်ဆံရေးမှာ စိုက်လိုက်မတ်တတ် ဆောင်ရွက်ခဲ့တဲ့ ဂျွန်အိုကယ်ကို ဗြိတိသျှ ဘုရင်မက အိုဘီအီး (ဗြိတိသျှအင်ပါယာရဲ့ အရာရှိ) ဘွဲ့ ၂ဝ၁၄ က ချီးမြှင့်ခဲ့ပြီး လန်ဒန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ၂ဝ၁၆ မှာ အပ်နှင်းခဲ့ပါတယ်။ လန်ဒန်က ဗြိတိန်-မြန်မာအသင်းရဲ့ ဥက္ကဋ္ဌလည်း သူလုပ်ခဲ့ပါတယ်။

မြန်မာစာပညာရှင်အနေနဲ့ တခေတ်တခါက ဂျွန်အိုကယ်ဟာ ဘီဘီစီ၊ ဗီအိုအေနဲ့ အာရ်အက်ဖ်အေ အသံလွှင့်ဌာနတွေရဲ့ မြန်မာစကား ကြီးကြပ် အကဲဖြတ်သူ အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

၁၉၆၃ က ဒေါက်တာလှဘေနဲ့ အန်နာအဲလော့၊ ဂျွန်အိုကယ်တို့ ပူးတွဲရေးခဲ့တဲ့ မပျောက်ကွယ်နိုင်သော မြန်မာလင်္ကာသုံးပုဒ် စာတမ်း အမည်လိုပဲ ဂျွန်အိုကယ်ရဲ့ အမည်ဟာလည်း မြန်မာစာသင်ကြားရေးနယ်ပယ်မှာ မေ့ပျောက်မသွားဘဲ ကျန်နေခဲ့မှာ ဖြစ်ပါတယ်။

Credit to BBC.

Original Article.


Comments