ပေ ပုရပိုက်စာများ သို့မဟုတ် ရှေးခေတ်ဟောင်းက စာရေးကိရိယာ

ပေ ပုရပိုက်များဆိုသည်မှာ ရှေးရှေးတုန်းက မြန်မာပြည်တွင် စာရေးကိရိယာအဖြစ် သုံးစွဲခဲ့သည့် ပစ္စည်းများ ဖြစ်ပြီး ယခုခေတ် လူငယ်အများစု မသိကြတော့ပါ။ ပေ ပုရပိုက်ဆိုတာကို ကြားဖူးသည့်တိုင်အောင် ဘယ်လိုပုံစံရှိသည်၊ ဘယ်လိုသုံးစွဲသည်၊  ဘာနဲ့ပြုလုပ်ထားသည် စသည်တို့ကို မသိသေးသူများ သိရှိစေဖို့ စုဆောင်းမျှဝေပေးပါသည်။

ပေစာ

စာရေးစက္ကူနှင့် စက္ကူစာအုပ်များ အသုံးမပြုခင်က ပေရွက်ဖြင့် စာပေများ နှင့် မှတ်တမ်းမှတ်ရာများကို ရေးသားခဲ့ကြပြီး ထိုသို့ ပေရွက်ပေါ်တွင် ရေးထိုးထားသော စာများကို ပေစာဟု ခေါ်ပါသည်။ ပေစာရေးနိုင်ဖို့ ပေပင်မှ ပေရွက်ကို ခူးပြီးအဆင့်ဆင့်ပြုပြင်ရပါသည်။ အကြောင်းအရာအလိုက် ရေးသားထားသော ပေစာရွက်များကို တစ်စု တစ်စည်းထဲထားနိုင်အောင် ကျမ်းဟုခေါ်သော သစ်သားပြားဖြင့် ထက်အောက်ခံကာ စည်းနှောင်ရပါသည်။ 

အပေါ် အောက်ရှိ ကျမ်းနှစ်ချပ်တွင် ပလ္လင်ပေါက် နှစ်ပေါက်စီဖောက်ကာ ပလ္လင်တိုင်နှစ်တိုင် စိုက်ရပါသည်။ ပေရွက်တစ် ရွက်ခြင်းစီတွင်လည်း ပလ္လင်ပေါက် နှစ်ပေါက်စီဖောက်ရသည်။ အောက်ဘက်ကျမ်းတွင် စိုက်ထားသော  ပလ္လင်တိုင်တွင် ပေရွက်များကို တစ်ချပ်ခြင်းစီ ထပ်ပြီးစိုက်ရပါသည်။ ပေချပ်ရေ ၁၀၀ ခန့်ကိုထပ်ကာ စိုက်ပြီးသောအခါ အပေါ်ကျမ်း ပြားဖြင့် ပိတ်အုပ်ပြီးသောအခါ ပေချပ်များကိုညီညာအောင် ပေထိုးဆောက်ဖြင့် ဖြတ်ရပါသည်။ ကျမ်းနှစ်ခုဖြင့် ညှပ် ထားသည့် ပေထုပ်ကို  ခိုင်မြဲအောင် စာစည်းကြိုးဖြင့်စည်းနှောင်ထား ရပါသည်။ 


ပေတွင်စာရေးပုံ

ပေရွက်ပေါ်တွင် စာရေးသားရန် ကညစ်(ခဲတံလုံးခန့်ရှိ သံချောင်းအချွန်)ကို အသုံးပြုရပါသည်။ ပေစာရေးသည့် စာစင်ခုံ ပေါ်တွင် ရေးသားရပါသည်။ ပေစာရေးရာတွင် ခွက်နေသော ပေစာရွက်၏ ဝမ်းဘက်မှ စ‌ရေးပြီးနောက်မှ ခုံးနေ သော ကြောဘက်သို့ ကူးပြောင်း‌ရေး ရပါသည်။ 

ပေတွင် ကညစ်ဖြင့် စာရေးပြီးသော်လည်း ကောင်းစွာ မထင်ရှားပါ။ စာရေးပြီးလျှင် အင်တွဲဖြင့် ရောကြိတ် ထားသော မီးသွေးမှုန့်နှင့် ပွတ်ကာ ရေနံသုတ်ရပါသည်။ ယင်းသို့ ပြုလုပ်ခြင်းသည် စာကို ထင်ရှားစေရုံသာမက ပေ ရွက်ကိုလည်း တာရှည်ခံစေပါသည်။ 

ပေတွင်စာရေးသောအခါ မှားသောအက္ခရာကို ဆွဲဖျက်၍မရသဖြင့် အက္ခရာအတွင်း ဝတ်ဆံထည့်ရေးခြင်းအား ဖြင့်မှားသော စကားလုံးကို သိစေနိုင်သည်။ ပေတွင် ကညစ်ဖြင့်သာမက မင်ဖြင့်လည်း ရေးနိုင်သည်။ မြန်မာ့ရိုးရာနည်း ဖြင့် ဖော်စပ်ထားသော မင်ကို စုတ်တံဖြင့် ရေးခြင်းဖြစ်သည်။ 

ပေတစ်ရွက်ပေါ်တွင် စာ ၁၀ ကြောင်းမှ ၁၂ ကြောင်းအထိ ရေးသားလေ့ရှိသည်။ ပေစာရွက်များကို စာမျက်နှာ တပ်ရာတွင် "က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော၊ ကော်၊ ကံ၊ ကား" စသည်ဖြင့် သင်ရိုးသရစဉ် ၁၂ လုံးကို က၊ ခ၊ ဂ စသည့် အက္ခရာ ၃၃ လုံး အစဉ်လိုက် ရေးသားပြီး သတ်မှတ်ပါသည်။

"က" အက္ခရာဖြင့်ရေးသော "က၊ ကာ၊ ----၊ ကား" ၁၂ လုံး ဆုံးလျှင် တစ်အင်္ဂါ ဟုခေါ်ပါသည်။ ထို့ကြောင့် တစ် အင်္ဂါဆုံးလျှင် ပေချပ် ၁၂ ချပ်ရှိပြီး စာမျက်နှာ ၂၄ မျက်နှာရှိပါသည်။ "က" တစ်အင်္ဂါပြီးလျှင် "ခ" တစ်အင်္ဂါကို ဆက်ရေး ရပါသည်။ ကျမ်းတစ်ကျမ်းတွင်  အင်္ဂါ မည်မျှရှိသည်ကို မှတ်သားခြင်းဖြင့် ကျမ်း၏ ပမာဏကို သိနိုင်ပါသည်။ 


မည်သည့် အကြောင်းအရာများရေးသနည်း

ပေစာတွင် ဗုဒ္ဓဘာသာနှင့် ပါတ်သက်သော တရားတော်များကို အများဆုံးရေးသားသည်။ ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း မှန်သမျှသည် ပေစာများနှင့် မကင်းနိုင်ကြပါ။ ရှေးဟောင်းပေစာများကို လည်း ထိုဘုန်းကြီးကျောင်းများတွင် တွေ့ရလေ့ရှိပါသည်။ သို့ဖြစ်၍ ပေစာဟူ သမျှ "နမော တဿ" ဖြင့် အစပြုလေ့ရှိသည်။ ရာဇဝင်ဆိုင်ရာစာပေများ နှင့် အခြားသော အကြောင်းအရာများကို လည်း မှတ်တမ်းတင် ရေးသားလေ့ ရှိပါသည်။ ပေစာများကို တာရှည်ထိန်းသိမ်းနိုင်ဖို့ ပေတစ်ထုပ်ကို ကျမ်းဟုခေါ်သော သစ်သားပြားဖြင့် ထက်အောက်ခံကာ ထားလေ့ရှိသဖြင့် ပေတွင်ရေးထားသော စာများကို ကျမ်းစာဟူ၍လည်း ခေါ်ဆို ကြခြင်းဖြစ်ပါသည်။ 

အထက်အောက်ခံသောကျမ်းများကို စာစည်းကြိုးဖြင့် စည်းနှောင်ကာ ပေစာများ မရွေ့လျားအောင် ပြုလုပ် ရသည်။ ထို့နောက် ပေစာထုပ်ကို အပြင်မှ စာထုပ်ပဝါဖြင့် ဖြစ်စေ စာပလွေဖြင့် ဖြစ်စေ ထုပ်ပြီး အပြင်မှ စာထုပ်ကြိုး ဖြင့် ပတ်ကာ သိမ်းဆည်းလေ့ရှိသည်။ 

စာပုလွေဆိုသည်မှာ ဝါးနှီးခပ်ထူထူကို ရောင်စုံချည်ဖြင့် ရက်လုပ်ထား သော ပစ္စည်းဖြစ်ပြီး များသောအားဖြင့် အပေါ်တွင် အဝတ်ဖြင့် ထပ်ချုပ်ထားလေ့ရှိသည်။ အလျား ၂၁ လက်မ နှင့် အနံ ၁၈ လက်မ ခန့်ရှိပါသည်။  ရှေးတုန်းက စာသင်သားများသည် မိမိတို့အလိုရှိရာ ပေစာရွက်များကို စာပုလွေဖြင့်ပတ်ကာ ယူဆောင်သွားပြီး စာသင်ကြားလေ့ ရှိ ကြပါသည်။

ပေထုပ်များကို ပေထုပ် ၂၀ မှ ၂၅ ထုပ်အထိ ဆန့်သော စာတိုက်ခေါ် သေတ္တာ ကြီးများထဲတွင်  သိမ်းဆည်းပါ သည်။ ထို့နောက် ဘုန်းကြီးကျောင်းများတွင် သီးခြားဆောက်လုပ်ထားသော အုတ်တိုက်ကြီးများထဲတွင် ထိုစာတိုက် သေတ္တာများကို သိမ်းဆည်းပါသည်။


ပေစာ သမိုင်းအကျဉ်း

ပေစာသည် လွန်ခဲ့သည့် နှစ် ၂၀၀၀ ကျော်(သာသနာနှစ် ၄၅၀) ခန့်တွင် သီရိလင်္ကာနိုင်ငံတွင် စတင်အသုံးပြုခဲ့သည်။ ထိုစဉ်က ဗုဒ္ဓကျမ်းစာများကို ပထမဆုံး ပေထက်အက္ခရာတင်ခဲ့ ခြင်းဖြစ်ပါသည်။ သီရိလင်္ကာနှင့် အိန္ဒိယမှ တဆင့် ပေစာ ရေးသားနည်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပျူခေတ်ကတည်းက စတင် အသုံးပြုခဲ့သည်ဟု ယူဆကြပါသည်။ နောက် ပိုင်းတွင် ပုဂံခေတ် အနော်ရထာ မင်းလက်ထက် မှ မြန်မာမင်းလက်ထက်များတွင် ပေ ဖြင့်စာရေးသားခြင်းကို ပြုလုပ် ခဲ့ကြပါသည်။ 

သို့သော် နှစ်ကာလကြာပြီ ဖြစ်သောကြောင့် ပုဂံခေတ်က ပေများကို ယခုခေတ်တွင် မတွေ့နိုင် တော့ပါ။ လွန်ခဲ့သည့် နှစ် ၃၀၀ ခန့် ကပေများကိုသာ တွေ့နိုင်ပါတော့သည်။ မြန်မာနိုင်ငံတွင် ဗြိတိသျှတို့ သိမ်းပိုက်ပြီး သည့် အစောပိုင်း ကာလများအထိ ပေစာရေးသားမှု များရှိခဲ့ပါသည်။ စာရေးစက္ကူများတွင်ကျယ်လာသောအခါ ပေစာရေးသားခြင်း တဖြည်းဖြည်း တိမ်ကောပျောက်ကွယ်သွားခဲ့ပါသည်။ 


ပေစာ နှင့်ပတ်သက်သည့် အသုံးအနှုန်းများ

ကျမ်း

 ပေစာထုပ်တွင် အထက်အောက်ညှပ်ထားသော သစ်သားကို ကျမ်းဟုခေါ်သည်။ ဗြက်နှင့် အရှည် သည် ပေစာ နှင့်အညီ ရှိ၍ ဒု တစ်လက်မခန့် ရှိသည်။

ပလ္လင်ပေါက်

 ပေ၏ ဘယ်ညာ သုံးချိုးတစ်ချိုးတွင် ဖောက်ထားသော အပေါက်လေးကို ပလ္လင်ပေါက်ဟု ခေါ်သည်။

ပလ္လင်တိုင်

 ပလ္လင်ပေါက်၌ စိုက်ထားသော ဝါးတံကလေးကို ပလ္လင်တိုင်ဟု ခေါ်သည်။ ပလ္လင်တိုင်တွင် ပေစာချပ်များကို စွပ်ကာထားခြင်းဖြင့် ပေစာချပ်များ မရွေ့လျားတော့ဘဲ ညီညာစွာ ရှိနေရန်ဖြစ်သည်။ 

စာထုပ်ကြိုး

 ပေစာကို ပတ်ရန် ရက်ထားသော အဝတ်ကြိုးပြား ဖြစ်သည်။ ဗြက် တစ်လက်မခန့် ရှိပြီး အရှည် ၁၀ ပေ၊ ၁၅ ပေ ခန့်ရှိပါသည်။ စာလုံးဖော်ကာ ရက်ထားလေ့ရှိပြီး စာများမှာ ပေစာထုပ်လှူဒါန်းသူအမည် နှင့် ဆုတောင်းစာများ ဖြစ်ကြသည်။ 

စာထုပ်ပဝါ

 ပေစာကို ထုပ်ရန် ဖဲ၊ ကတီပါတို့ကို အတွင်းဖက်က အဝတ်ကြမ်းထပ်ပြီး ချုပ်ထားသော အဝတ်ပိုင်း ဖြစ်သည်။ ပေစာကို ထုပ်နိုင်လောက်သည့် အလျားနှင့် အနံရှိပါသည်။

စာပလွေ

 ပေစာကို ပတ်၍ ယူဆောင်ရန်အတွက် ဝါးကို ယင်းသဖွယ်ရက်ထားသော ပစ္စည်းဖြစ်သည်။ အလျား ၂၁ လက် မ နှင့် အနံ ၁၈ လက်မခန့်ရှိသည်။ ဆေးဆိုးထားသော ချည်တို့ဖြင့် လှပစွာ အချိတ်ဖောက်ကာ ရက်ထားလေ့ရှိသည်။

စာစည်းကြိုး

 ပေစာကို ကျမ်းနှစ်ခုညှပ်ပြီး စည်းထားသော ကြိုးဖြစ်သည်။ ချည်ကို ကျစ်ထားသော ရိုးရိုးကြိုးဖြစ်ပြီး ကွင်း လျောပြုလုပ်ကာ တစ်ဖက်အဖျားတွင် ကမ္ပည်းတံ ချည်ထားတတ်သည်။ 

ကမ္ပည်းတံ

 ကျမ်းအမည် ရေးထိုးရန်အတွက် ဆင်စွယ်ကိုဖြစ်စေ သစ်သားကိုဖြစ်စေ သန်လျက်ပုံ ပြုလုပ်ထားသော ပစ္စည်း ဖြစ်သည်။ ပေချပ်များ ပူးကပ်နေလျှင် ယင်းကမ္ပည်းတံဖြင့် ထိုးခွါရသည်။ အချို့ပေစာများတွင် ပေရွက်ကိုပင် အကျယ် ၁ လက်မခွဲ၊ အလျား ၈ လက်မခန့် လှီးဖြတ်၍ ကျမ်းအမည်ရေး ကာ ပေစာထုပ်အပြင်ဘက်တွင် ထိုးထားလေ့ရှိသည်။

ပေစာထိန်းသိမ်းနည်း

ပေသည် သစ်ပင်မှရသော ပစ္စည်းဖြစ်သည့်အတွက် မည်သို့မှပြုပြင်ထိန်းသိမ်းခြင်း မရှိလျှင် အချိန်ကြာသည် နှင့်အမျှ သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးသွားတတ်ပါသည်။ ပေစာဟူသည်မှာ မြန်မာတို့အတွက် အဖိုးမဖြတ်နိုင်သော ရှေးဟောင်း သမိုင်း၏ အထောက်အထားများ ဖြစ်သည့်အတွက်လည်း ထိန်းသိမ်းပေးဖို့ လိုအပ်ပါသည်။

ပေစာကို မပျက်မစီးအောင် အကောင်းဆုံးထိန်းသိမ်းသည့် နည်းလမ်းမှာ ရေနံကိုင်ခြင်းပင် ဖြစ်ပါသည်။ ရေနံ ကိုင်သည်ဆိုသည်မှာ ပေရွက်များကို တစ်ရွက်ခြင်း ရေနံသုတ်လိမ်းပေးရခြင်း ဖြစ်ပါသည်။ ရေနံဟုဆိုရာ၌ ရေနံချေးကို အဝတ်ဖြင့် ဆွတ်ကာပေရွက်များကို သုတ်လိမ်းရခြင်း ဖြစ်ပါသည်။ 

ဖြစ်နိုင်လျှင် ၂ နှစ်တစ်ကြိမ်ရေနံသုတ်ပေးသင့်ပါသည်။  ရေနံမသုတ်ဘဲ ၃ နှစ်ထက်ထက်ပိုပြီး မထားသင့်ပါ။ ဤသို့ ရေနံသုတ်၍ ထိန်းသိမ်းပါက ပေစာများသည် နှစ် ၅၀၀ အထိပင် တာရှည်ခံပါသည်။ 

 ညောင်ရမ်းခေတ် ၇ ဆက်မြောက်မင်းဖြစ်သူ မင်းရဲကျော်ထင် ခေါ် ဝမ်းဘဲအင်းစံမင်း လက်ထက် မြန်မာနှစ် ၁၀၄၂ ခု (အေဒီ ၁၆၈၀) ကရေးသားခဲ့သော ပေစာသည် အင်္ဂလန်နိုင်ငံမှာ ယခုထိရှိနေသေးကြောင်း သိရပါသည်။ 

ပေစာကို မပျက်စီးစေရန် နောက်ထပ်သတိပြုရမည့်အချက်တစ်ခုမှာ ပေရွက်အလွတ်အဖြစ်ရှိနေသော ပေစာ ရွက်များကို ကျမ်းများခံပြီး ထိန်းသိမ်းပေးရန် ဖြစ်ပါသည်။ ကျမ်းများတွင် ပလ္လင်တိုင်များ မရှိလျှင်လည်းကောင်း ပျက်စီး နေလျှင်လည်း ကောင်း အသစ်ပြန်လည်ထည့်ပေးသင့်ပါသည်။ စာထုပ်ပဝါများ ဟောင်းနွမ်းနေလျှင်လည်း အသစ်လဲလှယ်ပေးသင့်ပါသည်။ သို့ပါသာ ပေစာများ အလွယ်တကူပျက်စီးခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ 

မြန်မာနိုင်ငံ အမျိုးသား စာကြည့်တိုက်တွင်တော့ မြန်မာနိုင်ငံတွင်းမှ စုဆောင်းရသမျှ ပေစာများကို စနစ်တကျ ထိန်းသိမ်းထား ပါသည်။ 

ခင်မောင်တင့်(ကလော)

၂၀၂၁ ခု၊ စက်တင်ဘာလ (၁၇) ရက်

Comments