မြန်မာစာနှင့် “ဝ ထ က လ သ”
ကျော်လှိုင်(မြန်မာစာ)
ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ခရီးအတွင်း မြန်မာစာ အဓိကကျောင်းသား ကျောင်းသူများ၏ တိုင်းပြုပြည်ပြု စွမ်းဆောင်ချက်တစ်ရပ်ကို တင်ပြလိုပါသည်။ ပိတ်ထား သော တက္ကသိုလ်များကို ၁၉၆၄ ခုနှစ်တွင် ပြန်ဖွင့်ပေးပြီး ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များကို အဓိကဘာသာ(Major)စနစ်ဖြင့် သင်ကြားစေကာ စနစ်သစ်ပညာရေးကို စတင် လိုက်သည်။
နွေရာသီကျောင်းပိတ်ရက်
၁၉၆၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက်၌ မြန်မာစာ လက်ထောက်ကထိက ဆရာ ဦးအောင်သိန်း ခေါင်းဆောင် သော မြန်မာစာအဓိက ကျောင်းသား ကျောင်းသူများသည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်တွင် စာမတတ် သူပပျောက်ရေး(“အ”သုံးလုံးကျေ) စီမံကိန်း၌ ပါဝင်လုပ်အား ပေးခဲ့ကြသည်။ ပထမနှစ်တွင် မြန်မာစာအဓိက ကျောင်းသား ကျောင်းသူများ၏ သူငယ်ချင်းများဖြစ်သော စက်မှု တက္ကသိုလ်မှ ကျောင်းသားတစ်ယောက်၊ ဥပဒေအဓိက ကျောင်းသားတစ်ယောက်လည်း ပါဝင်ခဲ့သည်။ နောက်ပိုင်း နှစ်တွင် ပုသိမ်တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ လည်း ပါဝင်လုပ်အားပေး သင်ကြားခဲ့ကြသည်။
ပင်းတယမြို့တွင် နေထိုင်သော ဦးခွန်စော(ပင်လုံ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သူ) က နယ်ခံအဖြစ် တာဝန်ယူပြီး မြို့နယ်အတွင်း ကျေးရွာများတွင် “အ”သုံးလုံး (အရေး၊ အဖတ်၊ အတွက်) သင်တန်းများ ဖွင့်လှစ်ခဲ့သည်။ သင်တန်းကာလမှာ တစ်လဖြစ်သည်။
သင်တန်းဆရာဖြစ်သော တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ နေထိုင်စားသောက်ရေးကို သက်ဆိုင်ရာ ရွာများက တာဝန်ယူကြသည်။ ရွာရှိ အိမ်ကြီးတစ်အိမ်မှာ နေဖို့ စီစဉ်ပေးသည်။ စားဖို့အတွက် မနက်စာကို တစ်အိမ်၊ ညစာကို တစ်အိမ် အလှည့်ကျတာဝန်ယူသည်။ လုပ်အား ပေး ကျောင်းသား ကျောင်းသူများက ရန်ကုန်- ရွှေညောင်-ရန်ကုန် မီးရထားလက်မှတ်ခကိုသာ ပေးရသည်။
လုပ်အားပေး ဆရာ နှစ်ယောက်သာ လက်ခံသော ရွာတွင် ကျောင်းသားနှစ်ယောက်ကို တာဝန်ချပြီး သုံးယောက်နှင့်အထက် လက်ခံသောရွာတွင် ကျောင်းသား တစ်ယောက်နှင့် ကျောင်းသူများကို တာဝန်ချသည်။ ကျောင်းသူများချည်း တာဝန်ကျသော ရွာများလည်း ရှိသည်။ လုပ်အားပေးကာလအတွင်း ဆရာ ဦးအောင်သိန်း က ကျောင်းသားကြီးတစ်ယောက် (ကိုအောင်ခင်)နှင့်အတူ ရွာစဉ်ဝင်၊ ထွက်သွားလာပြီး ကြီးကြပ်ကွပ်ကဲပေးသည်။
၁၉၆၆ ခုနှစ် နွေရာသီမှစပြီး နှစ်စဉ် နွေရာသီတွင် စာမတတ်သူပပျောက်ရေးစီမံကိန်းကို ဆောင်ရွက်လာ ခဲ့ရာ ၁၉၇၉ ခုနှစ် နွေရာသီတွင် ပင်းတယမြို့နယ်လုံးကျွတ် စာတတ်မြောက်ကြောင်း ကြေညာနိုင်ခဲ့သည်။
“အ” သုံးလုံးလုပ်အားပေးသည် မြန်မာစာဌာန၏ တာဝန်ပေးချက်မဟုတ်သလို ရန်ကုန်တက္ကသိုလ်၏ စီမံချက်လည်း မဟုတ်ခဲ့ပေ။ ပညာရေးဌာန အသိအမှတ်ပြု ဆောင်ရွက်ချက်လည်း မဟုတ်ပါ။ ပင်းတယမြို့နယ်တွင် နေထိုင်ကြသော တောင်ရိုး၊ ဓနုတိုင်းရင်းသားများ အရေး၊ အဖတ်၊ အတွက် တတ်မြောက်စေရန် မြန်မာစာကျောင်းသား ကျောင်းသူတို့၏ ကြည်လင်သောနှလုံးသားမှ ပေါက်ဖွား လာသော စေတနာသန့်သန့်ဖြင့် သင်ကြားပေးခဲ့ခြင်းသာ ဖြစ်ပါသည်။
နိုင်ငံတော်အဆင့် စာမတတ်သူပပျောက်ရေးစီမံကိန်း ကို ၁၉၆၅ ခုနှစ်ခန့်မှ စတင်ခဲ့သော်လည်း အောင်မြင်မှု အားနည်းခဲ့သည်။ ၁၉၇၁ ခုနှစ်တွင်မှ တစ်ဖန်ပြန်စပြီး အောင်မြင်မှုရရှိခဲ့သည်။
တစ်ချိန်က အကယ်ဒမီဆုရ “အ”သုံးလုံးစီမံကိန်း နောက်ခံ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင်သည် ပင်းတယမြို့နယ်၏ စာမတတ်သူပပျောက်ရေးစီမံကိန်းမှ မြစ်ဖျားခံခဲ့ပါသည်။ လွန်ခဲ့သော ၅၄ နှစ်က “အ”သုံးလုံး လုပ်အားပေးရင်း သိကျွမ်းရင်းနှီးခဲ့သော ရွာခံများနှင့် ယခု တိုင် သံယောဇဉ်မပြတ်၊ အဆက်အသွယ်မပြတ် ခင်မင် လျက် ရှိနေသေးသည်။
“အ” သုံးလုံး လုပ်အားပေးအဖွဲ့
ဆရာ ဦးအောင်သိန်း ခေါင်းဆောင်သော “အ” သုံးလုံး လုပ်အားပေးအဖွဲ့သည် ရန်ကုန်မှ ရွှေညောင်ဘူတာအထိ ရထားဖြင့် လာခဲ့ကြရပြီး ပင်းတယမြို့နယ်အထိ ဦးခွန်စော စီမံပေးသောကားများဖြင့် ခရီးဆက်ရသည်။ ပင်းတယတွင် အထကကျောင်းမှာ စတည်းချရသည်။ နောက်နေ့ နံနက် တွင် ရွာအသီးသီးက လှည်းများဖြင့် ဆရာ ဆရာမများကို လာကြိုကြသည်။ ညက ကြိုတင်စီစဉ်ထားသည့်အတိုင်း မိမိတာဝန်ကျသောရွာက လှည်းပေါ် မိမိတို့အိပ်ရာလိပ်နှင့် အဝတ်အစားအိတ်၊ သေတ္တာများကိုတင်ပြီး သူငယ်ချင်းများ ကို လက်ပြရင်း ထွက်ခွာသွားကြသည်ကို ကြည့်ရင်း အတွေး များ ဝင်လာသည်။ ဤခရီးသည် အပျော်ခရီးမဟုတ်၊ လေ့လာ ရေးခရီးလည်းမဟုတ်၊ မိမိမရောက်ဖူးသောနေရာတွင် မတွေ့ ဖူးသောသူများနှင့် တစ်လနေရမည်။ သိကျွမ်းသူဆို၍ မိမိ နှင့် လှည်းပေါ်တွင် အတူပါလာသူ သူငယ်ချင်းတစ်ယောက်၊ နှစ်ယောက်သာ။ ပင်းတယမြို့တွင် ငါးရက်တစ်ဈေးရှိသည်။ ဈေးနေ့တိုင်း ရွာက ဈေးဝယ်လာသူများနှင့် လိုက်လာကြဖို့ ဆရာက လုပ်အားပေးများကို မှာထားသည်။ ငါးရက်လျှင် တစ်ကြိမ် အားလုံးပြန်ဆုံကြမည်။ ဆရာက ကျောင်းသား ကြီး ကိုအောင်ခင်နှင့် ရွာစဉ်ပတ်၍ ကြီးကြပ်မည်။
ပင်းတယမြို့နှင့် အနီးဆုံးရွာက တမဲရွာဖြစ်သည်။ ကားလမ်းအတိုင်း ခုနစ်မိုင်ဝေးသည်။ ကျန်ရွာများက ပိုဝေး ပိုလှမ်းသည်။ ပင်းတယမြို့နှင့် ကပ်လျက်က တောင်ပေါ်မှာ လည်း “အ”သုံးလုံးစခန်း နှစ်နေရာရှိသည်။ တောင်ပေါ်ကြီး ရွာနှင့် လင်းလေအင်းရွာဖြစ်သည်။ လင်းလေအင်းက ပိုမြင့်၊ ပိုဝေးသည်။
ပင်းတယမြို့နှင့် ပတ်ဝန်းကျင်က မြို့လေးမြို့တွင် အလှည့်ကျဈေးနေ့ သတ်မှတ်ထားသည်။ ပတ်ဝန်းကျင်ရွာ များက ထွက်ကုန်များကို အလှည့်ကျ မြို့ကဈေးမှာ ရောင်းကြ သည်။ ဝယ်သူများကလည်း ဈေးနေ့ကို မှတ်ထားပြီး လိုက်ဝယ်ရုံသာ။
ပင်းတယဈေးနေ့ရောက်လျှင် လုပ်အားပေး ကျောင်းသား ကျောင်းသူများ ဦးခွန်စောအိမ်၌ ဆုံကြသည်။ ကိုယ့်အုပ်စု လူစုံလျှင် လှမ်းမြင်နေရသော ပုန်းတလုတ် ကန်ထဲ ရေဆင်းချိုးကြသည်။ နောက်ဈေးထဲလှည့်ရင်း နံနက်စာစားကြပြီး ဦးခွန်စောအိမ်၌ ရွာခံများကိုစောင့်ရင်း အတွေ့အကြုံများ ဖလှယ်ကြ၊ အကြံပြုကြသည်။ ရွာခံများ ရောက်လာလျှင် အချင်းချင်းနှုတ်ဆက်ရင်း၊ လက်ပြရင်း ကိုယ်တာဝန်ကျရာရွာဆီသို့ ပြန်ခဲ့ကြသည်။
ကန်အော်သည်
ပုန်းတလုတ်ကန်နှင့်ပတ်သက်ပြီး ဒေသခံတို့ စွဲလမ်းမှု တစ်ခုရှိသည်။ “ကန်အော်သည်” ဟု ဆိုကြသည်။ ညဘက် တွင် ကန်ထဲကနေ အသံကြီးကျယ်လောင်စွာ အော်မြည် တတ်သည်။ ညက ကန်အော်လျှင် နောက်တစ်နေ့ နံနက်တွင် လူစားသည်။ ဒေသခံမဟုတ်သော သူစိမ်းကို စားသည်ဟု လက်ခံယုံကြည်ကြသည်။ ဖြစ်နိုင်ခြေမှာ ကန်၏အောက်ခြေတွင် ရေဝင်၊ ရေထွက် လိုဏ်ခေါင်း ရှိနိုင်သည်။ ကန်ရေများသောအခါ ထိုလိုဏ်ခေါင်းထဲ ရေစီးဝင်မည်၊ ရေစီးအားနှင့်အတူ ရေစုပ်အား ပေါ်လာပြီး လိုဏ်သံမြည်လာမည်။ ကန်အော်သည့်သဘော၊ ရေစီး ကြောင်းထဲ ရောက်သွားသောအရာဟူသမျှ ဆွဲစုပ်ချ သွားမည်။ ဒေသခံများက ကန်အော်လျှင် ရေထဲမဆင်း ကြတော့။ ဒေသခံမဟုတ်သူများက ဒီအကြောင်းကို မသိဘဲ ရေထဲဆင်းမိပြီး ရေစီးကြောင်းထဲပါသွားလျှင် “အစား” ခံရတော့သည်။
ဈေးနေ့မတိုင်မီ ညက ကန်အော်သည်။ နောက်နေ့ မနက်တွင် တောင်ပေါ်ကြီးရွာနှင့် လင်းလေအင်းရွာက လုပ်အားပေးများ ပုန်းတလုတ်ကန်ထဲ တန်းဆင်းမသွား မိအောင် တောင်ဆင်းလမ်းနှစ်လမ်းမှာ ဆရာ ဦးအောင်သိန်း နှင့် မြို့ခံများ လူစုခွဲပြီး စိုးရိမ်တကြီး စောင့်နေကြသည်။
အရေးနှင့်အဖတ်ကို ဇောင်းပေးသင်
ပင်းတယမြို့နယ်အတွင်း ရွာများက နွေရာသီတွင် အာလူး၊ မြေပဲစိုက်ကြသည်။ ဒါကြောင့် “အ” သုံးလုံး သင်တန်းများကို ည ၈ နာရီမှ စနိုင်သည်။ “အ” သုံးလုံး သင်တန်းသားများသည် စာမသင်ခဲ့ရသော သက်ကြီးများ ဖြစ်သည်။ အရေးနှင့်အဖတ်ကို ဇောင်းပေးသင်ဖို့ပဲလို သည်။ အကြောင်းအရာပိုင်းနှင့် အသုံးအနှုန်းပိုင်းကို သူတို့က သိပြီးသား၊ အတွက်အချက်ပိုင်းမှာ အခြေခံသင်္ချာ အဆင့် လောက်သာလိုသည်။ ဆရာ ဆရာမများက ၁၀ တန်းအောင်ပြီးသား တက္ကသိုလ်ကျောင်းသား ကျောင်းသူ များဆိုတော့ အခက်အခဲမရှိ၊ အထူးပြင်ဆင်စရာမလို။
သင်တန်းက ညကျမှဆိုတော့ စားချိန်၊ သောက်ချိန် မှလွဲ၍ အားနေသည့်သဘော၊ နံနက်ဘက် အိပ်ရာက နိုးလျှင် အိမ်ရှင်က ပြင်ဆင်ပေးထားသော စားဖွယ်ရာက အဆင်သင့်၊ နေ့လယ်စာကို ဘယ်သူ့အိမ်၊ ညစာကို ဘယ်သူ့အိမ်ဆိုတာ အသိပေးထားကြသည်မို့ ကြောင့်ကြ စရာမလို။
အိမ်က ဘယ်မှာလဲဆိုတာလည်း အချိန်တန် ရိုးပြ (လမ်းပြ)ခဲ့သူက ရှိပြီးသား၊ ဇိမ်တော့ ကျလောက်ပါရဲ့၊ ရွာဆိုတော့ ရန်ကုန်က ရပ်ကွက်ငယ်လောက်ပဲရှိတာမို့ လက်ဖက်ရည်ဆိုင် မရှိ၊ ဈေးမရှိ၊ ရုပ်ရှင်ရုံမရှိ၊ ပျင်းစရာ ကြီး။
ရွာသူကြီးအမိန့်မို့ စာမတတ်သူများက သင်တန်း မတက်ချင်၍ မရ၊ ယခုမှ စာတတ်သလို ဟန်ဆောင်လို့ လည်းမရ၊ နေ့ဘက်မှာ ပင်ပန်းပေမယ့် ညဘက်သင်တန်း ကို လာတက်ကြရသည်။ တစ်ရက်၊ နှစ်ရက် သင်တန်းသား စာရင်းပြည့်လာကြသည်။ သုံးရက် စလျော့လာသည်။ လေးရက် ပိုလျော့လာပြီ။
စာက ခက်လှသည်မဟုတ်။ စာမတတ်သူ ပပျောက် ရေးစီမံကိန်းကော်မတီက ထုတ်ထားသော ဆရာကိုင် သင်နည်းအတိုင်း အလွယ်နည်းက စသင်ပေးရသည်။ ဒီနည်းက ကျက်စာမဟုတ်၊ မှတ်စာဖြစ်သည်။
ကကြီး၊ ခခွေး၊ တဝမ်းပူ၊ ထဆင်ထူး စသည့် ဗျည်း အမည်ခေါ်ပြီး သင်မနေ၊ က ၊ ခ၊ တ၊ ထ ဟု အသံတန်းထွက် ပြီး သင်ရသည်။ အသံထွက်ကို ဦးစားပေးသော သင်နည်း ဖြစ်သည်။ ကမှ အ အထိ ဗျည်း ၃၃ လုံးကို အစီအစဉ် အတိုင်း သင်စရာမလို။
ဝ-ဝလုံးကို ဝိုင်းဝိုင်းလေးရေးပြပြီး “ဝ”ဟု အသံ ထွက်ပြ၊ (ဗိုက်ဝပြီး အပိန်အဝ) စသည့် စကားသုံးများကို ပြောပြ၊ ဆရာ ဆရာမများက အာဝဇ္ဇန်းကောင်းပြီး အမူ အရာလုပ်ပြနိုင်လျှင် အလွယ်တကူ မှတ်မိသွားသော နည်းဖြစ်သည်။ ထ-ဝ ကို ပူးရေးလျှင် ထ (ထိုင် ထ)၊ က-ထ ကို အောက်ခြေမှာ နည်းနည်းစီဖျက်လိုက်လျှင် က(လက်ချိုးပြီး ကပြနိုင်သည်) ၊ လ-ထကို ထက်အောက် နည်းနည်းစီဖျက်လိုက်လျှင် လ(မိုးပေါ်က လ၊ ၁ လ၊ ၂ လ)၊ သ -ထကို ရှေ့က၊ အပေါ်က နည်းနည်းစီဖျက်လိုက် လျှင် သ (ဆံပင်ကို လက်နှင့်သပြ)။
စာက မခက်ပါဘဲ သင်တန်းပျက်ရခြင်းကို မေးကြည့်လိုက်တော့ သင်တန်းမတက်ချင်လို့ မဟုတ်၊ နေ့ဘက်မှာ အလုပ်ကပင်ပန်း၊ ညစာ ကမန်းကတန်း စားပြီး သင်တန်းလာတက်၊ လျှပ်စစ်မီးက မရှိတော့ အောက်လင်းမီးများဖြင့်သင်ရ၊ မှောင်မိုက်မိုက် ငိုက်နေ တော့ ဘာသင်မှန်းမသိ၊ အဲဒီတော့ ကျောင်းပြေးတာ မဆန်း။ သင်တန်းသူတွေက နေ့ဘက်မှာ မအားကြ၊ ဆရာ ဆရာမများက နေ့ဘက်အားကြသည်။ အဲဒီတော့ မအား သည့်သူများဆီ အားသည့်သူများက လိုက်သွား ကြသည်။ ရွာပြင်က ယာခင်းမှာ ရှာလိုက်တော့ တွေ့ပါပြီ “ပလစ်ဖုတ်” နေကြသည်တဲ့။ ထန်းမြစ်ဖုတ်လိုမျိုး စားရ တော့မည်ပေါ့။ သေချာကြည့်လိုက်တော့ နောက်ချေး (နွားချေး)ခြောက်တွေပဲ တွေ့သည်။ မြေကိုပုံပြီး အတွင်း က နောက်ချေး ထည့်ကာ မီးရှို့ကြ ခြင်းကို “ပလစ်ဖုတ်” သည်ဟု ခေါ်သည်။ နောက်ချေးခြောက် မီးကျွမ်းပြီး ငြိမ်းသွား၊ အေးသွားမှ မျိုးစေ့ထည့်စိုက်ကြသည်။
ပဲနုတ်ရာသီ
သင်တန်းသူများက (ဝ ထ က လ သ)တတ်သွားကြ သည်။ ဆရာ ဆရာမများက “ပလစ်ဖုတ်” တတ်သွားကြ သည်။ သင်တန်းကာလပြီး၍ ရန်ကုန်ပြန်ကြသော ဆရာ ဆရာမများဆီကို ပဲနုတ်ရာသီမှာ စာရေးကြသည်။ “ဆရာ ဆရာမတို့ စိုက်သွားတဲ့ ပဲနဲ့ အာလူးတွေ အထွက်တအား ကောင်းတယ်” ဟု ဆိုကြသည်။
သင်တန်းရှိသောနေ့များတွင် ဆရာ ဆရာမများက နေ့လယ်စာစားပြီး ယာခင်းဆီ လိုက်သွားကာ လုပ်အား ပေးသည်။ ညနေကျမှ သင်တန်းသူများနှင့်အတူ ပြန်လာ ပြီး ရေမိုးချိုး၊ ညစာ သွားစားပြီး စာသင်ကြသည်။ သင်တန်း နားရက်မှာတော့ ဆရာ ဆရာမများ မနားကြ၊ ဈေးရက် မှာတွေ့တုန်းက ချိန်းခဲ့ကြသည့်အတိုင်း နေ့ချင်းပြန်သွား နိုင်သော ကပ်လျက်ရွာက သူငယ်ချင်းများဆီ သွားလည် ဖြစ်ကြသည်။
ပင်းတယမြို့နယ်တွင်း မြေပြန့်ပိုင်းများတွင် အာလူး၊ မြေပဲထွက်ပြီး တောင်ပေါ်ဒေသတွင် လက်ဖက်ထွက် သည်။ ဆရာ ဆရာမများ ပလစ်ဖုတ်ခဲ့သော ရွာများက မြေပဲ၊ အာလူးစိုက်ကြသည်။ ဆရာ ဆရာမများအတွက် နံနက်စာ၊ ညစာများတွင် စားအိမ် မတူသော်လည်း ဟင်းကတူတတ်သည်။ မြေပဲကြော်၊ အာလူးဟင်း၊ ခြံစည်းရိုးသဖွယ် စိုက်ထားသော ဆူးပုပ်ပင်က ဆူးပုပ် ဟင်းချို။
တစ်နေ့တော့ ဟင်းပွဲမှာ ကြက်သားပါလာသည်။ လုစားမတတ် အပြိုင်ခပ်ကြသည်ပေါ့။ နောက်နေ့လည်း ကြက်သားဟင်းပါလာသည်။ ဈေးနေ့ မဟုတ်ပါဘဲ ကြက်သား ဘယ်ကရပါလိမ့်။ မေးကြည့်တော့ ဆရာ ဆရာမများက ကြက်သားဟင်းကို လွမ်းနေပုံရလို့ အိမ်က ကြက်ကို………။ ဆရာ ဆရာမများ ကြက်သား မစား တော့ပါကြောင်း ချက်ချင်းပဲ ကြေညာချက်ထုတ်လိုက် ရသည်။
ရွာသူကြီးအိမ်တွင် ထမင်းစားလှည့်ကျစဉ်က ဖြစ်သည်။ ပုံစံတူဟင်းတွေထဲမှာ ဟင်းတစ်မည် ပိုလာ သည်။ ဆိတ်ဦးနှောက်လို ဖြူဖြူပျော့ပျော့၊ စားလိုက်တော့ ဆိမ့်နေသည်။ ဒီဟင်းကို သူကြီးမို့ ကျွေးတာ။ ရွာထဲက ဘယ်အိမ်မှာမှ မစားရ၊ ဘယ်သူမှလည်း မကျွေးရဲ၊ “အီကုတ်” ဟုခေါ်သည်။ မြို့ကြီးသား တက္ကသိုလ် ကျောင်းတော်ကြီးက ဆရာ ဆရာမများကို အီကုတ် ကျွေးရမလားဟု သူကြီးဆိုမှာ စိုးကြလို့ဖြစ်သည်။ အီကုတ် ဆိုသည်မှာ နောက်ချေး (နွားချေး)မှာ ပေါက်သော နောက်ချေးပိုးဖြစ်သည်။
“အ”သုံးလုံးကျေ လုပ်အားပေးကာလက တစ်လဆို တော့ စာသင်ရင်း သင်္ကြန်ကို ဖြတ်ကျော်ခဲ့ရသည်။ ပင်းတယမြို့နယ်က သင်္ကြန်သည် တခြားဒေသက သင်္ကြန်နှင့်မတူဘဲ တစ်မူထူး၏။
ပင်းတယသင်္ကြန်တွင် ရေမကစားပါ။ နှစ်ဟောင်းမှ နှစ်သစ်ဆီသို့ ကူးပြောင်းသော အတာကာလဖြစ်သော ကြောင့် “တာတက်ပွဲ”ကို ကျင်းပကြသည်။
တာတက်ပွဲကို ပင်းတယမြို့နယ်အတွင်း ရွာစဉ် ကျင်းပကြသည်။ တန်ခူးလပြည့်မှစပြီး တစ်ရွာပြီးတစ်ရွာ ကျင်းပကြရာ ကဆုန်လပြည့်နေ့မှ ပြီးတော့သည်။ ပွဲနေ့မှာ ရွာကျောင်းတွင် လှူဒါန်းကျွေးမွေး အလှူကြီးပေးကြသည်။ တစ်ရွာလုံး မီးခိုးတိတ်။ နီးစပ်ရာ ဘေးရွာများကလည်း လာကြသည်။ သူ့ရွာအလှည့်ကျတော့လည်းမိမိရွာက သွားရောက်ဆင်နွှဲကြသည်။
တာတက်ပွဲအလှူအတွက် ဆီကြော်မုန့်တစ်မျိုးကို ကြော်ပြီး ဧည့်ခံကျွေးမွေးလေ့ရှိသည်။ အိမ်တိုင်းလိုလိုက တစ်ပိုင်တစ်နိုင်ကြော်ပြီး အလှူပါဝင်ကြသည်။ မုန့်ကို ရွာပြင်ထွက်ကြော်ကြသည်။ ရွာပြင်မှာ မီးဖိုပြီး မိမိအိမ်က ယူလာသည့်ဆီ၊ မုန့်နှစ်များဖြင့် ကြော်သည်။ မုန့်နှစ် အကုန် ကြော်ပြီးလို့ ဆီကျန်နေသေးလျှင် အိမ်ပြန်မယူဘဲထားခဲ့ သည်။ နောက်လူက ရှေ့လူထားခဲ့သည့် ဆီကို သုံးနိုင်သည်။ မုန့်ကြော်ဖို့ ဆီမလောက်မှာ မစိုးရ။ အားလုံးလှူဖြစ်သော စနစ်ဖြစ်သည်။ အတုယူစဖွယ်ဖြစ်သည်။ လုပ်အားပေး ဝင်ကြော်ရင်း ဆရာ ဆရာမတို့ ရလိုက်သောအမြတ် ဖြစ်သည်။
“အ”သုံးလုံး ဆရာ ဆရာမများက ရွာပြင်မှာရော ရွာထဲ မှာပါ လုပ်အားပေးရင်း လူမှုရေးကိစ္စကိုပါ ကူညီဆောင်ရွက် ကြခြင်းကြောင့် မကြာမီမှာပင် တစ်ရွာလုံးနှင့် ခင်မင်ရင်းနှီး လာသည်။
“အ”သုံးလုံးကျေသင်တန်းက စာမသင်ခဲ့ရသော သက်ကြီးများအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ သက်ငယ် ပိုင်း၊ လူငယ်ပိုင်းများကတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေးများကို လက်လှမ်းမီနေကြပေပြီ။ ရွာပြင်ထွက်ပြီး လုပ်အားပေးစရာမလိုသောနေ့တွင် ဆရာမ များက ကျောင်းသူလေးများကို အင်္ဂလိပ်စာနှင့် အင်္ဂလိပ် စကားပြော သင်ပေးတတ်သည်။
ရွှေဥမင်လိုဏ်ဂူဘုရားဖူးကြ
ပင်းတယဈေးနေ့။ ပင်းတယမှာ သူငယ်ချင်းနှင့်ဆုံကြ၊ စားကြ၊ ပြောကြဆိုကြ၊ ရွှေဥမင်လိုဏ်ဂူဘုရားဖူးကြပြီး အချိန်တန်တော့ ရွာကို ပြန်လာကြသည်။ လှည်းပေါ်က ဆင်းလာသော ပင်ပန်းနေကြသည့် ဆရာမများကိုကြည့်ပြီး ကျောင်းသူလေးများက အပြေးလာကြိုရင်း “အယူတိမ်း ဆရာမ”၊ “အယူတိမ်းဆရာမ” ဟု ပြောလိုက်သည်။ ပထမ တော့ ဆရာမများ မျက်လုံးပြူးသွားကြသည်။ နောက်မှ သဘောပေါက်ကုန်သည်။ ဆရာမများကို အင်္ဂလိပ်လို “Are you tired? ” ဟု ကရုဏာသက်စွာ မေးလိုက်ခြင်း ဖြစ်သည်။
ပြောသူနှင့် နာသူ နားလည်သဘောပေါက်လျှင် အဓိပ္ပာယ်ပြည့်ဝသည့် ဘာသာစကားဟု ဘာသာဗေဒက ဆိုပါသည်။ ပင်းတယမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်း တွင် တည်ရှိသော်လည်း မြို့နယ်အတွင်း နေထိုင်ကြသော တောင်ရိုးနှင့် ဓနုတိုင်းရင်းသားများပြောသော ဘာသာ စကားသည် ရှမ်းဘာသာစကားမဟုတ်၊ မြန်မာဘာသာ စကားဖြစ်သည်။ ရေမြေသဘာဝအရ ရှေးကာလက လမ်းပန်း အဆက်အသွယ် ခက်ခဲသောကြောင့် မြန်မာစကားပြော ဒေသများနှင့် ကူးလူးဆက်ဆံမှု နည်းပါးခဲ့သည်။ ထို့ကြောင့် သူတို့ပြောသော မြန်မာစကားတွင် ရှေးသုံးစကားအချို့ကို ဆက်လက်သုံးစွဲဆဲဖြစ်သည်။
မယ်နု - သံ
ရာဇူ - ချိန်ခွင်
ဇာသွားမို့ - ဘယ်သွားမလို့လဲ
မြန်မာဘာသာစကား “ဆာ”သည် (၁၊ အစာကို တောင့်တသည်။ ၂၊ လိုလားတောင့်တသည်။) ဟု အနက် နှစ်မျိုးရသော်လည်း ဗိုက်ဆာသည်၊ ရေဆာသည် စသဖြင့် အစားအသောက်ကို တောင့်တသည့်သဘောသာ အသုံး တွင်ကျယ်သည်။
တောင်ရိုးနှင့် ဓနုတို့က “မျက်စိဆာသည်” (မြင်လို သည်)၊ “စိတ်ဆာသည်” (အောက်မေ့ သတိရသည်)ဟု လိုလားတောင့်တသည့်သဘောဖြင့် ပြောဆိုကြသည်။ “ဆရာမတို့ ပြန်သွားရင် ကျွန်မတို့တော့ စိတ်ဆာတော့မှာပဲ” ပြောကြသည်။
သင်္ကြန်ကာလ တာတက်ပွဲကို ရွာစဉ်လှည့်ကျင်းပ လျက်ရှိရာ အင်းပက်လက်ရွာသို့ ဆရာဦးအောင်သိန်း ရောက်မည့်နေ့တွင် တာတက်ပွဲရှိမည်။ ဆရာက ရွာပွဲမှာ အငြိမ့်ကရန် စီစဉ်လိုက်သည်။ အနီးအနားရွာများက လုပ်အားပေးများကို လှမ်းခေါ်ထားသည်။
ကကွက်၊ ပြက်လုံး၊ သီချင်း
အချိန်တိုတိုအတွင်း ကကွက်၊ ပြက်လုံး၊ သီချင်းစသည် တိုက်လိုက်သည်။ မြန်မာစာကျောင်းသား ကိုရန်နိုင်က မြန်မာဂီတာကို ပိုင်ပိုင်နိုင်နိုင် တီးတတ်သူ၊ သီချင်းပိုင်း တာဝန်ယူလိုက်သည်။ ဥပဒေကျောင်းသား ကိုစိန်ဝင်းတို့က ပြက်လုံးတိုက်ကြသည်။ ကတတ်သော ကျောင်းသူက တစ်ယောက်တည်းရှိသည်။ မင်းသမီးတစ်လက်တည်းနှင့် မဖြစ်။ (တစ်ချိုး နှစ်ချိုးပဲ) ကတတ်သော ကျောင်းသူ တစ်ယောက်တော့ရှိသည်။ မတတ်နိုင်၊ သူ့ကိုပဲ ပွဲထုတ်ရ တော့မည်။ သူ့ကို စင်ပေါ်တက်ဖို့ လူရွှင်တော်များက အားပေးသည်။ ပရိသတ်မရိပ်မိအောင် သူတို့တာဝန်ယူ ကြောင်း အာမခံသည်။ ကတတ်သူက ရှေ့ထွက်မင်းသမီး၊ သူက နောက်ထွက်မင်းသမီး။
အငြိမ့်ထွက်ပြီ၊ သီချင်းနှင့် ဂီတာက ချိတ်ဆက်မိသည်။ လူရွှင်တော်များကလည်း “အီကုတ်” လို ဒေသခံတို့၏ စကားလုံးများကိုသုံးပြီး ပရိသတ်တဝါးဝါးနှင့် ပွဲကျအောင် ပြက်လုံးထုတ်ခဲ့သည်။ ရှေ့ထွက်ခေါင်းဆောင် မင်းသမီး အကကို ကြိုက်ကြ၊ လက်ခုပ်ဩဘာပေးကြနှင့် ပွဲကစည် နေတော့သည်။
နောက်ထွက် မင်းသမီးအလှည့်။ “ဒို့ဆရာမကမှာ ဟေ့”။ တမဲရွာက လက်ခုပ်သံတွေ ထွက်လာသည်။ သီချင်း က တစ်ပိုဒ်ပဲ ပြီးသေးသည်။ ကချိုးက ကုန်ပြီ။ ပြန်ကျော့ရ မည်။ လူရွှင်တော်များ ပညာပြတော့သည်။ အရပ်ဇာတ်စင်မို့ ခပ်ကျဉ်းကျဉ်း။ လူရွှင်တော်များက သီချင်းကိုစည်းချက် လိုက်ရင်း မင်းသမီးရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက် လိုက်၊ အချင်းချင်းတိုက်မိသလိုဖြစ်ပြီး လက်ထဲက ပျော့ဖတ် လိပ်နဲ့ လှမ်းရိုက်လိုက်၊ ပရိသတ်က ဝါးခနဲ ပွဲကျလိုက်။ “သူတို့ကို ရှောင်နေရတာနဲ့ ဒို့မင်းသမီးတောင် ကောင်းကောင်း မကလိုက်ရဘူး”တဲ့။
“အ”သုံးလုံးအငြိမ့်က ပြောစမှတ်ဖြစ်သွားသည်။ ရွာထဲ တွင် ဆရာ ဆရာမများကို ချီးကျူးကြသည်မှာ တော်တော် နှင့် မပြီး။ လုပ်အားပေးကာလပြည့်လို့ စခန်းသိမ်းတော့မည် ဆိုမှ ချီးကျူးခန်းရပ်သွားကြသည်။ ရန်ကုန်ရောက်ရင် စာရေးဖို့၊ နောင်နှစ်လည်းလာကြဖို့၊ ဆရာ ဆရာမများကို မျက်စိလည်းဆာ၊ စိတ်လည်းဆာနေမယ်တို့ စုံတကာစေ့ အောင် အလွမ်းသယ်ကြတော့သည်။
တမဲရွာတွင် ညက စခန်းသိမ်းပွဲလုပ်သည်။ မနက်ကျ တော့ လာတုန်းကလိုပဲ လှည်းဖြင့် ပင်းတယကို ပြန်ပို့ကြ သည်။ လာတုန်းကနှင့် မတူတာကတော့ လှည်းပေါ်က ဆရာမများ အပြန်ကို စာသင်သားများက လှည်းနောက်က နေ လမ်းလျှောက်လိုက်ပို့ကြခြင်းဖြစ်သည်။ ဆရာမများ ပြန်လာကြဖို့၊ ရွာကိုမမေ့ကြဖို့ တတွတ်တွတ်မှာရင်း မျက်ရည်တစို့စို့ တရှုံ့ရှုံ့။
မေတ္တာ စေတနာ
ရွာထိပ်အထိ လိုက်ပို့ကြမယ်ထင်ပါရဲ့။ မေးကြည့် တော့ ပင်းတယအထိတဲ့။ မလိုက်ဖို့တားလို့တော့ရမည် မဟုတ်လို့ ဆရာမများ လှည်းပေါ်က ဆင်းလိုက်ကြသည်။ ပင်းတယအထိ တူတူလျှောက်ကြမယ်ပေါ့။ ထိုအခိုက် ရွာလမ်းအချိုးနား အိမ်တွေကြားက စာသင်သား တစ်ယောက် အမောတကောပြေးလာသည်။ ပခုံးပေါ်မှာ အထုပ်ကြီးထမ်းလို့၊ လက်ထဲမှာလည်း တစ်ပွေ့တစ်ပိုက် ဆရာမများအတွက် လက်ဆောင်၊ ဆရာမတို့တည်းသည့် အိမ်ရောက်တော့ ထွက်သွားကြပြီဆို၍ အိမ်ကြို အိမ်ကြားဖြတ်ပြီး ဆရာမတို့လှည်းကို အမီပြေးလိုက်လာ ခြင်းဖြစ်သည်။ သန့်ရှင်းသော မေတ္တာ စေတနာကို ဘယ်သူပြိုင် လို့ လှနိုင်ပါတော့မည်နည်း။
ကားလမ်းအတိုင်းသွားလျှင် ပင်းတယမြို့ အရောက် ခုနစ်မိုင်ဝေးသည်။ ဝန်စည်စလယ်အပြည့် နှင့် လှည်းကို ကားလမ်းအတိုင်း လွှတ်လိုက်သည်။ ဆရာမများကိုတော့ ရွာများကိုဖြတ်ပြီး ဖြတ်လမ်းက ရိုး(လမ်းပြ) ခေါ်ခဲ့ကြသည်။
“အ”သုံးလုံးကျေလုပ်အားပေးအတွက် မြန်မာစာ ကျောင်းသား ကိုရန်နိုင်က သီချင်းစပ်ပေးထားသည်။ “အ” သုံးလုံးကျေသင်တန်းမှာပါ သင်ပေးထားကြလို့ အားလုံးဆိုတတ်နေသော သီချင်းဖြစ်သည်။ ခရီးစ ခရီး ဆုံး၊ တစ်လပတ်လုံး ဘယ်သွားသွား သီဆိုကြသည်။ ဆရာမများကို ပင်းတယလိုက်ပို့ကြတော့ ဒါကိုပဲ သီကြွေးကြသည်။
လာလေ ........ ဒို့သွားမည်၊ မောတို့ တောင်ရိုးဆီ
လမ်းကလေး ကွေ့ကောက်ညီ၊ ရောက်ကြပါတော့မည်
ဒို့များရောက်ရင် ပျော်ပျော်ရွှင်၊ အရေးအဖတ် အတွက်လည်းသင်
စာရေးတတ်ရင် စာဖတ်တတ်ရင် အသိဉာဏ်တွေ တိုးကာ ပွားဖို့ပင်
လာလေ ....... လာလေ ....... လာလေ
တောင်ပေါ်က သားချင်းများကို ဒို့စာသင်ပေး မည်။ ။
ကြေးမုံ
Comments
Post a Comment